မြေဆီလွှာ အပိုင်း ၃

ဤအပိုင်းတွင် မြေဆီလွှာ အပိုင်း ၂မှ စိုက်ပျိုးသူများ မိမိစိုက်ပျိုးမည့် မြေဆီလွှာ ကောင်းမကောင်းကို အခက်အခဲ မရှိဘဲ မိမိကိုယ်တိုင် လွယ်လင့်တကူ အဖြေရှာနိုင်သည့် နည်းလမ်းများအကြောင်း နောက်ဆက်တွဲကို ဖော်ပြပေးလိုက်ပါသည်။

မြေဆီလွှာ နုရွခြင်း

မိမိစိုက်ခင်း၏ မြေဆီလွှာအပေါ်ယံရှိ မြေဆီခဲတခုကို ကြုံရာနေရာမှ ကောက်ယူစစ်ဆေးကြည့်ပါ။ လက်ထဲ အသာချေလိုက်ရုံဖြင့် မြေဆီခဲသည် အလွယ်တကူ ကြေမွနေလျှင် ကောင်းမွန်သော မြေဆီလွှာ ဖြစ်သည်။

မြေဆီလွှာအတွင်း အမြစ်အနေအထား

စိုက်ခင်းအတွင်း ပေါက်နေသော အပင်ငယ်တို့၏ အမြစ်ကို အသာတူးပြီး လေ့လာကြည့်ပါက မြေစိုင်ခဲအချို့၏ ရေပါဝင်မှုနှုန်းနဲပြီး မာကျောသော အခြေအနေကြောင့် အမြစ်သည် တဖြောင့်တည်း မဆင်းဘဲ ကွေ့ကောက်နေပါက မြေသည် ပြုပြင်ရန် လိုအပ်သည်။ ထိုသို့ မဟုတ်ဘဲ အမြစ်သည် အကောက်အကွေ့မရှိ တဖြောင့်တည်းဆင်းပါက မြေဆီလွှာ၏ ဖွဲ့စည်းပုံ ပြေပြစ်ကောင်းမွန်ကြောင်း ပြသည့်အနေအထားဖြစ်သည်။

ရေဆင်းကောင်းမွန်မှု ရှိမရှိ

စိုက်ခင်းမှ မြေသားအနက် ၁ပေခွဲခန့် တူးပြီး ရေလောင်းကြည့်ပါ။ ရေသည် အချိန်တိုအတွင်း ကောင်းစွာ စီးဆင်းမှု ရှိမရှိ စမ်းစစ်ပါ။ သဲဆန်သောမြေသည် ရေဆင်းမြန်လွန်းပြီး မြေစေးမြေသည် လောင်းသောရေ အချိန်အတော်ကြာ တင်ကျန်နေမည်။ သို့သော် နုန်းမြေကဲ့သို့ မြေသားတည်ဆောက်ပါဝင်မှု ကောင်းသောမြေမျိုးသည် ရေဆင်း မမြန်လွန်း မနှေးလွန်း အနေအထားရှိမည်။ သဲမြေ၊ နုန်းမြေ၊ မြေစေး စသဖြင့် ခွဲခြားမှုများကို မြေဆီလွှာအပိုင်း (၁) တွင် ပြန်၍ လေ့လာနိုင်ပါသည်။

မြေဆီလွှာအတွင်း တီကောင်နှင့် တီကျစ်စာပါဝင်မှု

မြေဆီလွှာပေါ်တွင် မိုးတွင်းကာလနောက်ပိုင်းတွင် တီကျစ်စာခဲလေးများကို တွေ့ရှိနိုင်သည်။ ထိုသို့ တီကျစ်ခဲစာ အမြောက်အများတွေ့ရှိရသော မြေဆီလွှာသည် ဓာတုမြေသြဇာများကင်းစင်၍ မြေဆီလွှာအတွင်း အဟာရဓာတ်များ စုံလင်စွာ ပါဝင်သည်။ အထူးသဖြင့် မီးစုန်းဓာတ် Phosphorous ဓာတ်ပါဝင်သည်။ မြေဆီလွှာ၏ အစိုဓာတ်ကိုထိန်းကာ မြေဆီလွှာဖွဲ့စည်းမှုအထူးကောင်းမွန်ပြီး စိုက်ပျိုးရန် အလွန်သင့်တော်ပါသည်။ တချို့သော မြေဆီလွှာပညာရှင်များက မိုးတွင်းကာလ တီကောင်များ ပေါများချိန်တွင် မြေဆီလွှာအတွင်း တီကောင်အရေအတွက်ကို ကြည့်၍ မြေဆီလွှာ၏ အရည်အသွေးကို ဆုံးဖြတ်ကြသည်။ ၁ ကုဗပေအတွင်း တီကောင် ၁၀ ကောင် အနဲဆုံး ရှိသင့်သည်ဟု သုတေသီများက ဆိုသည်။

အလေ့ကျပေါက်ပင်တို့ကိုကြည့်၍ မြေဆီလွှာ အဆင့်အတန်းခွဲခြင်း

မည်သည့်သီးနှံမျှမစိုက်ရသော စိုက်ခင်းအတွင်း သဘာဝအလေ့ကျပင်များ ပေါက်ရောက်နေပုံ အစိပ်အကျဲ၊ ပေါက်ရောက်သည့် သီးနှံ မြက်မျိုးနွယ်တို့ပေါ် မူတည်၍လည်း မြေဆီလွှာ ကောင်းမကောင်း ဆုံးဖြတ်နိုင်သည်။ အောက်ဖော်ပြပါ မြက်မျိုးများကိုကြည့်၍ မြေဆီတခု၏ အဆင့်အတန်းကို အကြမ်းဖျဉ်း သိရှိနိုင်မည်။ (မှတ်ချက်။ ။ ဒေါက်တာချစ် ၏ ကျေးလက်စီးပွားစာအုပ်မှ ကိုးကားဖော်ပြပါသည်။)

- သမင်မွှေး၊ မျောက်မြီးမြက်များသာ ပေါက်သောမြေသည် ကျောက်စရစ်ကုန်း
ကျပ်တီးကုန်း ဖြစ်၍ စိုက်ပျိုးရန်မသင့်တော်ပါ။
- ဆူးရစ်ပင်၊ နှမ်းလုံးကြိုင်ပင်၊ ကျားရှာပင် ပေါက်ရောက်သောမြေသည် အစိုဓာတ်နည်းပြီး မြေဆီသြဇာမသန်၍ စီးပွားဖြစ်စိုက်ရန်မသင့်တော်ပါ။
- မြက်ခါး၊ မြေစာမြက် ပေါများသောမြေသည် စိမ့်စွဲသောမြေ ဆားပေါက်မြေဖြစ်၍ စိုက်ရန်မသင့်ပေ။
- လက်ပံပေါက်သောမြေသည် မြေသြဇာထက်သန်၍ မြေဆီလွှာဖွဲ့စည်းမှုကောင်းသောကြောင့် စိုက်ပျိုးရန် သင့်တော်သည်။
- ပန်းတော်ဖြူ ပန်းတော်ညို နွားစာမြက်ပေါက်သောမြေသည် မြေသြဇာ
ထက်သန်သဖြင့် စိုက်ပျိုးရန်အလွန်ကောင်းပါသည်။
- နဘူးပင် မိုးနံပင် ပေါပါက မြေအောက်ရေကြောနှင့်နီးပြီး မြေသြဇာအသင့်အတင့်ရှိကာ စိုက်ပျိုးရန်သင့်ပါသည်။

ဤတွင် မြေဆီလွှာ အကြောင်း ခေတ္တရပ်နားပါရစေ

ခင်မင်တဲ့
ကိုဝေအောင်
၂.၂.၂၀၁၅
ညနေ ၄း ၁၀ နာရီ

Comments

Popular posts from this blog