အခုတလော..
facebook ပေါ်တက်လိုက်ရင်
ကြယ်ပဲနဲ့ပတ်သက်ပြီး အပြိုင်အဆိုင်
- grop တွေဖွဲ့ကြ
- နည်းပညာတွေပေးကြ
- မျိုးစေ့တွေရောင်းကြ
- စာချုပ်တွေချုပ်ကြ
- ရန်စောင်ကြ..ရန်ဖြစ်ကြနဲ့
ပွက်လောကိုညံနေတာဘဲဗျာ...
ဘယ်သူတွေသာလို့
ဘယ်သူတွေနာကြမလဲ..
ဘယ်သူတွေစံလို့
ဘယ်သူတွေခံရမလဲ..မသိပါဘူး
ကျနော်ကလဲ စိုက်ပျိုးရေးမှာ အမြင်မတော်
တာတွေ့တိုင်း ဝင်ဝင်ပြောနေတော့
လူမုန်းကခပ်များများ..
အခုလဲ မနေနိုင်လို့ ပြောလိုက်မိပြန်ပါပြီ..
ကြယ်ပဲနဲ့ပတ်သက်ပြီး ဖြစ်လာမဲ့
အနာဂါတ်ပြဿနာ တွေကိုဘယ်သူမှမသိ
နိုင်လို့ အချိန်-ငွေ-မြေ အပိုအလျှံမရှိဘဲ
စွန့်စားလုပ်ကိုင်မဲ့သူတွေ အန္တရာယ်ရှိတာ
တစ်ခုကလွဲလို့ လုပ်နေကြတာတွေ
အားလုံးကောင်းပါတယ်..
တစ်ခုပြောချင်တာက..
မျိုးစေ့အပြိုင်အဆိုင်ရောင်းချနေကြတဲ့ကိစ္စ
ပါဘဲ..ဈေးနှုန်းအပြိုင်အဆိုင်လျှော့ပြီး
ရောင်းချနေကြပေမဲ့ တကယ်အရေးကြီး
တဲ့ မျိုးစေ့အာမခံချက်ကိုတော့ ဘယ်သူ
ကမှပေးသံမကြားရပါဘူး..
ဈေးကြီးရောင်းနေတဲ့သူကလဲ သူ့မျိုးက
ပိုကောင်းလို့ဈေးကြီးတာလို့သာပြော
နေတယ်..ဘာတွေဘယ်လိုကောင်း
တယ်ဆိုတာ မပြောနိုင်ပါဘူး..
ပြောပြန်တော့လဲ အထွက်ကောင်းတယ်
အပင်ပေါက်စောတယ်..အပင်ပေါက်
သန်တယ်ဆိုတာလောက်ပါဘဲ..
seed law မျိုးစေ့ဥပဒေကလဲအသက်မဝင်
အစိုးရကလဲလှည့်မကြည့်..
တဖက်နိုင်ငံကမျိုးစေ့တွေကို ထင်သလို
စိတ်ကြိုက် စည်းကမ်းမရှိတင်သွင်း
ဖြန့်ဖြူးနေကြတာ အန္တရာယ်များလှပါတယ်..
ကျနော်အရင်က post တွေမှာ
ပြောခဲ့သလိုပါဘဲ..ပညာရပ်တစ်ခုကို
post တစ်ခုနဲ့ ပြီးပြည့်စုံအောင်ပြောလို့
မရပါဘူး..အခုပြောချင်တဲ့ မျိုးစေ့နည်းပညာ
seed technology ကိုလဲအကြမ်းဖျင်း
ယေဘူယျလောက်ဘဲ ပြောပြလို့
ရနိုင်ပါမယ်..
မျိုးစေ့နဲ့ပတ်သက်ပြီး..
seed နဲ့ grain ကိုတော့အားလုံးသိပြီးသား
ဖြစ်မှာပါ..
seed ဆိုတာမျိုးစေ့ဖြစ်ပြီး grain ကတော့ လူ တိရစ္ဆာန် စားတဲ့အစေ့အဆံပါ
seed ကို grain လုပ်လို့ရပေမဲ့..
grain ကို seed လုပ်လို့မရပါဘူး..
အခုသယ်ယူရောင်းချနေကြတာက
seed လား .. grain လား..ကိုသေသေ
ချာချာကွဲကွဲပြားပြားမသိရပါဘူး..
မျိုးတစ်မျိုးကို ပညာရှင်များကမျိုးစပ်ပြီး
ရလာတာဘဲဖြစ်ဖြစ်..နိုင်ငံခြားကတင်
သွင်းတာဘဲဖြစ်ဖြစ်..တောင်သူစိုက်ပျိုးဖို့
မဖြန့်ဖြူးခင် အဆင့်(၄)ဆင့်အတိုင်း
စနစ်တကျ ရွေးချယ်မျိုးပွါးယူရပါတယ်..
(၁)အခြေခံမျိုးသန့်အဆင့်(၁)
Breeder seed
(၂) အခြေခံမျိုးသန့်အဆင့်(၂)
Foundation seed
(၃) မျိုးသန့်အဆင့်(၁)
Register seed
(၄)မျိုးသန့်အဆင့်(၂)
Certisfy seed (or)
Commercial seed
(၁) Breeder seed အဆင့်မှာဆောင်
ရွက်ရမဲ့လုပ်ငန်းကိစ္စ အဝဝကို
ဗဟိုစိုက်ပျိုးရေးသုတေသနဌာနမှာ
လုပ်ဆောင်ရပါတယ်..
(၂) Foundation seed လုပ်ငန်းကို
ဗဟိုစိုက်ပျိုးရေးခြံများမှာလုပ်ရပါတယ်
(၃) Register seed ကို ဗဟိုခြံနဲ့
မျိုးသန့်ခြံများမှာလုပ်ဆောင်ရပါတယ်
(၄) Commercial seed ကို စိုက်ပျိုးရေး
ဌာနမျိုးသန့်မျိုးပွါးခြံများနဲ့အကျိုးဆောင်
တောင်သူများကဆောင်ရွက်ရပါတယ်
အဲဒီလိုအဆင့်ဆင့်စနစ်တကျစိတ်ချရ
အောင်ဆောင်ရွက်ပြီးမှသာတောင်သူ
များစိုက်ပျိုးရန်ဖြန့်ဖြူးပေးရပါတယ်..
တဆင့်ချင်းဆောင်ရွက်ကြရာမှာလဲ
စိုက်ပျိုးမဲ့တောင်သူများအကျိုးအတွက်
ဘယ်လောက်ထိလုပ်ရတယ်ဆိုတာ
သိရအောင် နှံစားသီးနှံကိုဥပမာပြုပြီး
Breeder seed မှာဆောင်ရွက်ရတဲ့
လုပ်ငန်းတမျိုးကိုဘဲနမူနာထား ရှင်းပြ
ပေးပါမယ်...
Breeder seed
(၁)
မျိုးစပ်(သို့)တင်သွင်းရလာတဲ့မျိုးစေ့ကို
မျိုးပွါးထားသည့်အကွက်မှအပင် ၂၅၀
ရွေးချယ်ရပါတယ်..
(၂)
အပင် ၂၅၀ ကို တစ်ပင်လျှင်တစ်တန်း
(တစ်ပင်မှရတဲ့အစေ့များတစ်တန်းကျ)
အရှည် ၁၆' ရှိစိုက်တန်းများစိုက်ပျိုးရ
ပါတယ်..spacing နဲ့ seed rate ကို
သီးနှံအလိုက်သတ်မှတ်ထားပါတယ်
(၃)
ပန်းမပွင့်မီအတန်းလိုက်နှိုင်းယှဉ်၍မူလ
မျိုးအရည်အချင်းနှင့်ကိုက်ညီသော
အတန်းများကိုရွေးချယ်မှတ်သားရပါတယ်
အဲဒါကို inter family selection လို့
ခေါ်ပါတယ်..
(၄)
ရွေးချယ်ထားတဲ့အတန်းများထဲကအပင်
အချင်းချင်းနှိုင်းယှဉ်လေ့လာ၍အနှံ ၅၀၀
လောက်ရွေးချယ်ပြီးအိပ်စွပ်ပေးရပါတယ်
အဲဒါကို intra family selection လို့
ခေါ်ပါတယ်..
(၅)
မရိတ်သိမ်းခင်မှာရွေးချယ်ထားတဲ့
အနှံ ၅၀၀ ထဲကအနှံ ၃၀၀ - ၄၀၀
လောက်ထပ်မံရွေးချယ်ပြီးတစ်နှံချင်း
ရိတ်သိမ်းရပါတယ်..
(၆)
ဓါတ်ခွဲခန်းမှာအစေ့အရည်အသွေးများကို
နှိုင်းယှဉ်ပြီးအနှံ ၃၀၀-၄၀၀ ထဲကစကာတင်
အနှံ၂၅၀ကိုနောက်ဆုံးရွေးချယ်ရပါတယ်
အဲဒီအနှံ၂၅၀ဟာလာမဲ့နှစ်အတွက်
nucleus seed ဖြစ်ပါတယ်..
(၇)
ရွေးချယ်ထားတဲ့အတန်းတွေထဲကမလို
လားအပ်တဲ့အပင်များကိုပန်းမပွင့်ခင်
တစ်ကြိမ် ရိတ်သိမ်းခါနီးတစ်ကြိမ်
ရွေးချယ်ပြီးနှုတ်ပြစ်ရပါတယ်..ကျန်တဲ့
အပင်တွေကိုစုပေါင်းရိတ်သိမ်းရပါတယ်
ရလာတဲ့မျိုးစေ့တွေဟာလာမဲ့နှစ်အတွက်
Breeder seed တွေဖြစ်ပါတယ်..
အဲဒီလိုရွေးချယ်ဖို့စိုက်တဲ့မြေကွက်ဟာ
တခြားမျိုးများမစိုက်တဲ့မြေ
isolated field ဖြစ်ဖို့လဲလိုအပ်ပါသေး
တယ်..isolation distance ဟာ
၂၀၀ မီတာ(သို့) ပေ၆၀၀ ဖြစ်ပါတယ်..
ဒီလောက်ရေးပြရင် မျိုးတစ်မျိုးဖြန့်ဖြူးဖို့
ထင်သလောက်မလွယ်ဘူးဆိုတာ
သိနိုင်ပါတယ်..ဒါ(၁)ဆင့်ဘဲရှိပါသေး
တယ်..ဘာမှမစဉ်းစားမလေ့လာဘဲ
ကိုယ်အကျိုးရှိပြီးရောလုပ်ကြရင်တော့
လွယ်တာပေါ့လေ..ဘယ်သူမှထိန်းသိမ်း
ကွပ်ကဲမဲ့သူမှမရှိတာ..
နောက်တစ်ခုက..
မျိုးကောင်းမျိုးသန့်ဆိုတဲ့အဓိပ္ပါယ်..
ကောင်းတာနဲ့သန့်တာနှစ်မျိုးပြည့်စုံတဲ့သဘောပါ..
မျိုးကောင်းဆိုတာ..
- အထွက်ကောင်းတာ
- စားသုံးမှုအရည်အသွေးကောင်းတာ
- ပိုးမွှားရောဂါဒဏ်ခံနိုင်မှုကောင်းတာ
- ရေမြေရာသီနဲ့ကိုက်ညီမှုကောင်းတာ
....စသည်ဖြင့်ပေါ့..
မျိုးသန့်ဆိုတာ..
- ထိခိုက်ကျိုးပဲ့တဲ့မျိုးစေ့မပါဝင်ခြင်း
(ရှိရမဲ့မျိုးစေ့အရွယ်ရဲ့တဝက်ငယ်ရင်
အဖျင်းလို့သတ်မှတ်ပြီးကြီးရင်မျိုးသန့်
စေ့လို့သတ်မှတ်ပါတယ်)
- အခြားအစေ့များမပါဝင်ခြင်း
(ပေါင်းစေ့နှင့်အခြားသီးနှံမျိုးစေ့)
- မျိုးသန့်နဲ့ပုံစံတူတဲ့အရာများမပါဝင်ခြင်း
(စပါးမှာအခွံကျွတ်ဆန်စေ့ကိုမျိုးသန့်
လို့သတ်မှတ်ပြီးအခွံကို inert
အမှုက်လို့သတ်မှတ်ပါတယ်)
- အခြားအရာများမပါဝင်ခြင်း
( ဖုံ- ခဲ-သလဲ )
မျိုးကောင်းအရည်အချင်းတွေကို field
ထဲမှာစစ်ဆေးပြီး..
မျိုးသန့်အရည်အချင်းတွေကို lab ထဲမှာ
စစ်ဆေးပါတယ်..
အဲဒီလို..
Purity Test
Moisture Test
Germination Test တွေကိုစနစ်တကျ
စမ်းသပ်စစ်ဆေးပြီးဖြန့်ဖြူးမဲ့မျိုးစေ့မှာ
တပါတည်းဖေါ်ပြပေးကာမိမိရဲ့မျိုးကို
အာမခံချက်ပေးရပါတယ်..
ဖေါ်ပြထားတဲ့အတိုင်း သန့်စင်မှု %
အပင်ပေါက်% စသည်ဖြင့်မရှိရင်
ဝယ်ယူစိုက်ပျိုးသူက မျိုးစေ့ရောင်းချသူ
(သို့)ကုမ္ပဏီကိုတရားစွဲလို့ရပါတယ်..
အခုစိုက်ပျိုးရေးဆေးဆိုင်တွေမှာ
ရောင်းနေတဲ့နိုင်ငံခြားမျိုးစေ့တွေမှာ
purity %
germination %
test date
expire date တွေတော့မဖြစ်မနေ
ပါကြရတာကိုတွေ့ရမှာဖြစ်ပါတယ်..
ဖြန့်ဖြူးတဲ့မျိုးစေ့နဲ့ပတ်သက်ပြီး
အာမခံချက်နဲ့သတင်းအချက်အလက်
ပေးမှုကိုနမူနာရယူနိုင်အောင်
စိုက်ပျိုးရေးဌာနကထုတ်ဝေဖြန့်ဖြူးတဲ့
ရေဆင်း(၁)ပဲတီရွှေဝါမျိုးစေ့ကို
ဥပမာပေးဖေါ်ပြလိုက်ပါတယ်..
၁။မျိုးအမည် ဘက်တီး
၂။မျိုးနံပါတ် VR-၇၆-၂
၃။မူရင်းဒေသ အင်ဒိုနီးရှား
၎။တင်သွင်းခုနှစ် ၁၉၇၆
၅။အသက်ရက် ၇၅
၆။၅၀%ပန်းပွင့်ရက် ၃၅
၇။လင်းတာတုန့်ပြန်မှု မရှိ
၈။အပူချိန်တုန့်ပြန်မှု မရှိ
၉။ဖြစ်ထွန်းသော ၂၄-၃၀
အပူချိန်(ံC)
၁၀။ဖြစ်ထွန်းသော နုံးတင်/စနယ်
မြေအမျိုးအစား
၁၁။မြေချဉ်ငံဓါတ် ၅့၅-၆့၅
၁၂။စိုက်ချိန် မိုးဦး/လယ်/နှောင်း
မိုးနှောင်းအအေးများ
ကမစိုက်နိုင်
၁၃။အပင်ပုံသဏ္ဍာန် ပင်ထောင်
၁၄။အတောင့်အရောင် ဝါ
၁၅။အစေ့အရောင် စိမ်းဝါ
၁၆။အပင်အမြင့် ၅၅ စမ
၁၇။တပင်ပါအကိုင်း ၂
၁၈။တပင်ပါသီးတောင့် ၂၀
၁၉။တတောင့်ပါအစေ့ ၁၁
၂၀။အစေ့ ၁၀၀ ၆့၅ ဂရမ်
အလေးချိန်
၂၁။အထွက်နှုန်း ၁၃ တင်း/ဧက
အဲဒါကတော့..
စိုက်ပျိုးရေးဌာနကနေတောင်သူဆီ
မျိုးစေ့ဖြန့်ဖြူးတဲ့အခါပေးတဲ့
အာမခံချက်နဲ့သတင်းအချက်အလက်
ပါဘဲ..
မိမိဈေးကြီးပေးဝယ်ထားရတဲ့ကြယ်ပဲ
မျိုးစေ့တွေဟာပေးရတဲ့တန်ဖိုးနဲ့ညီမျှ
အောင်မိမိအတွက်အာမခံချက်နဲ့
ထိုက်သင့်တဲ့တန်ဘိုးပြန်ရပါရဲ့လားလို့
စဉ်းစားဆုံးဖြတ်နိုင်ကြပါစေ....
Comments
Post a Comment