သစ်မွှေး နှင့် ပတ်သတ်သော သိပ္ပံနည်းပညာ နှီးနှောဖလှယ်ပွဲမှ ထုတ်ပြန်ချက်
ပထမအကြိမ် နိုင်ငံတကာ သစ်မွှေးနှင့် ပတ်သတ်သော သိပ္ပံနည်းပညာ နှီးနှောဖလှယ်ပွဲကို ၂၀၁၃ခုနှစ်တွင် မလေးရှားနိုင်ငံ စီလန်ဂေါမြို့ ပူထွာ တက္ကသိုလ် သစ်တောဌာနမှာ Rozi Mohmed ကြီးမှူးပြီး ကျင်းပခဲ့ပါသည်။
ထိုအစည်းအဝေးပွဲတွင်
- သစ်မွှေးစိုက်ပျိုးခြင်း ထုတ်လုပ်ခြင်းနှင့်ပတ်သတ်သည့် မူဝါဒ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ စီးပွားကူးသန်းရေးရာဆိုင်ရာများ၊
- အဆီထုတ်ယူခြင်း နည်းပညာနှင့် သစ်မွှေးလှုံ့ဆော်ခြင်းမှာ သက်ရှိဇီဝ သက်မဲ့ဓာတုတို့အကြား အပြန်အလှန်သက်ရောက်မှုများဆိုင်ရာများ၊
- သဟဇီဝနဖြစ်စဉ်၊ ဆင့်ကဲတိုးတက်ဖြစ်စဉ်နှင့် သဘာဝကိုတုပဖန်တီးသော နည်းပညာများအကြောင်း၊ မျိုးဗီဇတည်ဆောက်ပုံဆိုင်ရာ၊ ပရိုတိန်းဗီဇလက္ခဏာရပ်များ၊ ဇီဝဓာတုဖြစ်ဆိုင်ရာ ကိစ္စရပ်များ
စသော ကိစ္စရပ်များကို အဘက်ဘက်မှ နည်းပညာရှင်များစွာ ဆွေးနွေးတိုင်ပင် နှီးနှောခဲ့ကြပါသည်။
၎င်းတို့အနက်မှ ထုတ်ပြန်ကြေငြာသည့် အချက်တချို့ကို အောက်ပါအတိုင်း ဖော်ပြပါသည်။
၁။ ရိုးရာဆေးဘက်ဝင် သစ်မွှေးခြောက်အနေဖြင့် အသုံးပြုသည့်
သစ်မွှေးအရွက်သည် ၀မ်းသက်စေသော သတ္တိရှိကြောင်း။ ဂျပန်သုတေသနပညာရှင်များသည် မကြာမီ ဈေးကွက်သို့ ထုတ်လုပ်မည်ဖြစ်ကြောင်း။
၂။ မှိုနှင့် အဏုဇီဝ တိုက်ခိုက်ရာမှ အပင်မှခုခံသည့်အနေဖြင့် သစ်မွှေးအဆီခဲဖြစ်တည်လာပုံနှင့် ငယ်ရွယ်သော အပင်များပင်လျှင် ထို့သို့ လှုံ့ဆော်မှုကို တုံ့ပြန်တတ်သော သဘောရှိပုံကို လေ့လာတွေ့ရှိရကြောင်း။
၃။ သစ်မွှေးရွက်ပင်လျှင် ဓာတ်ခွဲခန်းအတွင်း လှုံ့ဆော်မှု ပေးရာတွင် တုံ့ပြန်မှု ရှိပြီး အနည်းငယ်သော သစ်မွှေးဆီရနံ့ ရနိုင်ကြောင်း။
၎။ ဘင်္ဂလားဒေ့ရှ်သုတေသီများ ထုတ်ဖော်ချက်အရ ရိုးရာအဆီချက်လုပ်ခြင်းထက် ပိုမိုရရှိနိုင်သော နည်းလမ်းများ တွေ့ရှိထားကြောင်း။
၅။ လှုံ့ဆော် ဆေးသွင်းအပင်များသည် ကျန်းမာသန်းစွမ်းသော အပင်များထက် အပင်အတွင်း အဆီပါဝင်နိုင်မှု ပိုများကြောင်း။
၆။ ယခုအချိန်အထိ သစ်မွှေးရနံ့ ထပ်တူကျသော ရနံ့မျိုးကို အဘယ်မျှသော လူလုပ်နည်းပညာများက ဓာတ်ခွဲခန်းတွင် မထုတ်လုပ်နိုင်သေးကြောင်း။
၇။ Aquilaria Malaccensis or Agallocha သစ်မွှေးမျိုးစိတ်ကို အဓိကစံပြမျိုးစိတ်အဖြစ် ဒေသအတွင်း တပိုင်တနိုင်မှသည် စီးပွားဖြစ် စိုက်ခင်းများအထိ စိုက်နိုင်ကြောင်း။
၈။ ကနဦးဒေသခံမလေးလူမျိုးများသည် အထက်ပါမျိုးစိတ်အပင်ကို တောခုတ်ဓားများဖြင့် တပင်လုံး သေစေခြင်းမျိုးမဟုတ်ဘဲ အပင်ကို အနည်းငယ် ဒဏ်ရာပေးကာ နှစ်နှစ်မှ သုံးနှစ်ကြာတိုင်း ထိုဒဏ်ရာပေးသော နေရာမှ ဖြစ်တည်နေသည့် အဆီနှစ်တို့ကို ထုတ်ယူကာ သဘာဝ၏ ဆုလဒ်ဆောင်ကို ကောင်းစွာ အသုံးချတတ်ကြကြောင်း။
၉။ ဂျပန်နှင့် တိဘက်ဗုဒ္ဓဘာသာဝင်တို့သည် အဖိုးတန်သစ်မွှေးခဲကို အခန်းအတွင်း တငွေ့ငွေ့လောင်မြိုက်စေကာ သင်းပျံ့သော အငွေ့အကြား တရားမှတ်ခြင်းကို ပြုလုပ်ကြလေ့ရှိကြောင်း။
စသည်တို့ကို Rozi Mohmed မှ ကြီးမှူး၍ ထုတ်ဖော်ဆွေးနွေးခဲ့သည်။
ကိုးကား
http://en.wikipedia.org/wiki/Agarwood
http://10times.com/issa
ခင်မင်တဲ့
ကိုဝေအောင်
စိမ်းလန်းသစ်မွှေးရောင်းဝယ်ရေး
၃၁ မတ်လ ၂၀၁၅
မနက် ၁း ၄၅ နာရီမြေဆီလွှာ
မြေဆီလွှာ ဆိုတဲ့ Pedosphere ဟာ Lithosphere ( ကျောက်သားထုအလွှာ)၊ Hydrosphere (ရေထုအလွှာ)၊ Atmosphere (လေထုအလွှာ)၊ Biosphere (ဇီဝမျိုးစုံအလွှာ)တို့ စုစည်းပေါင်းစုံရာအလွှာဖြစ်တဲ့ ကမ္ဘာမြေကြီးရဲ့ အပေါ်ယံ အရေပြားလွှာ ပါးပါးလေးသာဖြစ်ပါတယ်။
ဒီမြေဆီလွှာဟာ တကယ်တော့ အလွန့်ကို အရေးပါတဲ့ သက်ရှိဇီဝဖြစ်စဉ်တို့ စတင်မွေးဖွားရာ နေရာလို့ ပြောရင် မမှားပါဘူး။ ပြီးတော့ အဲ့ဒီ သက်ရှိဇီဝမျိုးစုံတို့ ဆက်လက်ရှင်သန်ကြီးထွားဖို့ များစွာသော အထောက်အပံ့ပေးရာ အိမ်သဖွယ်လဲ ဖြစ်ပါတယ်။ ဒီမြေဆီလွှာမှာပဲ ကျနော်တို့ သက်ရှိတွေရဲ့ မရှိမဖြစ် အပင်တွေ ပေါက်ဖွားရှင်သန်ကြီးထွားကြတယ်။ ထို့အတူ အဏုဇီဝပိုး၊ အင်ဆက်ပိုး၊ မြေအောင်းသတ္တ၀ါမျိုးစုံတို့လဲ ပေါက်ဖွားရှင်သန်ကြတယ်။ ထိုမြေဆီလွှာကြီးပေါ်မှာပဲ ကျနော်တို့ လူသားအပါဝင် သက်ရှိအားလုံး မွေးဖွားရှင်သန်ရပ်တည်နေကြတာမို့ အလွန့်ကို အရေးပါတဲ့ အရာတခုဖြစ်ကြောင်း ကနဦးပြောပါရစေ။
အများသောအားဖြင့် မြေဆီလွှာမှာ အခြေခံပါဝင်တဲ့အရာ လေးခုရှိပါတယ်။ Mineral (ဓာတ်သတ္တု) ၄၅%၊ Moisture (ရေ အစိုဓာတ်) ၂၅%၊ Air (လေ ဓာတ်ငွေ့) ၂၅%၊ သြဂဲနစ် ပစ္စည်း ၅% ပါဝင်ပါတယ်။ သြဂဲနစ် ပစ္စည်းမှာ ပါဝင်တဲ့ဟာတွေကို ထပ်ခွဲရင် Organism (သက်ရှိ) ၁၀%၊ Roots (အမြစ်များ) ၁၀%၊ Humus ဟြူးမတ်စ် (လက်တင်ဘာသာစကား Humus=မြေဆီလွှာ လို့ခေါ်ပါတယ်။ အဲ့အကြောင်းကို နောက်ပိုင်းမှာ အကျယ်ရေးသားပါအုံးမယ်) ၈၀% အသီးသီးပါဝင်ပါတယ်။ ဒီတော့ မြေဆီလွှာက အစိုင်အခဲ၊ အရည်၊ အငွေ့ သုံးမျိုးစလုံးပါတဲ့ အရာပါ။
မြေဆီလွှာ ဖြစ်ပေါ်လာပုံကိုတော့ သက်ရှိ၊ ရာသီဥတု အပြောင်းအလဲ၊ မြေမျက်နှာသွင်ပြင်အနေအထား၊ မူလ အရင်းအမြစ်ဓာတ်သတ္တုများ၊ အချိန် စတာတွေက လွှမ်းမိုးမှုရှိခဲ့ပါတယ်။
စိုက်ပျိုးရေးနယ်ပယ်အရ မြေဆီလွှာကို အကြမ်းဖျဉ်အားဖြင့်ခွဲခြားမယ်ဆိုရင် ရုပ်ပိုင်း၊ ဓာတုပိုင်း၊ ဇီဝပိုင်းရယ်လို့ သုံးမျိုးသုံးစား လေ့လာသုံးသပ်ဖို့ လိုပါမယ်။
ရုပ်ပိုင်း
ရုပ်ပိုင်းမှာဆိုရင် မြေဆီလွှာအတွင်း ပါဝင်တဲ့ မြေမှုန် ကျောက်မှုန်တွေရဲ့ အရွယ်အစား အကြီးအသေး ပါဝင်မှုပမာဏ အနဲအများပေါ်မူတည်ပြီးခွဲခြားနိုင်ပါတယ်။ ရုပ်ပိုင်းကို အကြမ်းအားဖြင့် သဲ၊ နုန်း၊ မြေစေး ဆိုပြီး ခွဲခြားနိုင်ပါတယ်။ မြေမှုန်အရွယ်အစား အကြီးဆုံးကသဲ၊ အလယ်အလတ်က နုန်း၊ အသေးဆုံးက မြေစေးဖြစ်ပါတယ်။ ၎င်းတို့ ပါဝင်မှု အချိုးအစားပေါ် မူတည်ပြီး မြေက သဲမြေ၊ သဲနုန်းမြေ၊ နုန်းမြေ၊ နုန်းမြေစေး၊ မြေစေး စသဖြင့် အသေးစိတ်က ထပ်ခွဲခြားနိုင်ပါတယ်။
စောငုဝါ-ပျဉ်းမနား ရဲ့ အဆိပ်ပိုးသတ်ဆေးလွတ် ဟော်လန်သံပုရာ စိုက်ပျိုးရေး စာအုပ် စာမျက်နှာ ၁၈တွင်ပါဝင်တဲ့ နည်းလေးကို ပြန်မျှဝေ ဖော်ပြလိုက်ပါတယ်။ မိမိခြံ၊ လယ်၊ ယာရဲ့ မြေအမျိုးအစားကို သိပါမှ မိမိစိုက်ပျိုးမယ့်အပင်နဲ့ ကိုက်ညီ၏ မကိုက်ညီ၏ ဆုံးဖြတ်နိုင်ပြီး လိုအပ်တဲ့ မြေပြင်မှုမျိုးကို ပြုလုပ်နိုင်မှာပါ။ ဒါကြောင့် မြေအမျိုးအစားကို သိရှိ ထားခြင်းက အကျိုးရှိစေပါတယ်။
(က) စိုက်ကွက်ထဲရှိ သင့်တော်ရာတစ်နေရာမှ မြေလက်တစ်ဆုပ်ခန့်ယူ၍ ရေဖြင့် အစိုဓာတ်ရအောင်ပေးပါ။
(ခ) ၎င်းစိုနေသော မြေနမူနာကို လက်ဝါးနှစ်ဖက်ဖြင့် အလုံးဖြစ်အောင်လုံးပါ။ ထိုသို့လုံးရာတွင် ဖိအားမများရပါ။
(ဂ) ၎င်းမြေလုံးကို ချထားပါ။
- မြေလုံးအက်ကွဲသွားပါက သဲမြေဖြစ်၏။
- မြေလုံးအက်ကွဲခြင်း မရှိပါက အောက်ပါအတိုင်း ဆက်လုပ်ပါ။
(ဃ) ၎င်းမြေလုံးကို (၂)လက်မခန့်အထိ ရှည်ထွက်လာအောင် လှိမ့်ပေးပါ။
- မြေသည် နဂိုအတိုင်း မရှိလျှင် နုန်းဆန်သဲမြေဖြစ်သည်။ (ပုံပျက်သွားခြင်း အက်ကွဲသွားခြင်းကို ဆိုလိုမည်ထင်၏)
- မြေသည် နဂိုအတိုင်း ဆက်ရှိနေလျှင် နောက်တဆင့်သို့ ဆက်လုပ်ပါ။
(င) ၎င်းမြေလုံးကို (၆)လက်ခန့်အထိ ရှည်ထွက်လာအောင် လှိမ့်ပေးပါ။
- မြေသည် နဂိုအတိုင်းမရှိလျှင် သဲနုန်းမြေမျိုးဖြစ်သည်။
- မြေသည် နဂိုအတိုင်းဆက်ရှိနေလျှင် နောက်တဆင့်သို့ ဆက်လုပ်ပါ။
(စ) လှိမ့်ထားသော မြေလုံးကို စက်ဝိုင်းပုံ တစ်ဝက်ခန့် (ဂ)ငယ်ကွေးရအောင် ကွေး၍ ပုံဖော်ပါ။
- မြေလုံးကို ကွေး၍မရ၊ ကျိုးသွားလျှင် နုန်းမြေဖြစ်သည်။
- မြေလုံးကို ကွေး၍ပုံဖော်ရရှိပါက နောက်တဆင့်သို့ ဆက်လုပ်ပါ။
(ဆ) လှိမ့်ထားသောမြေလုံးကို (ထိုမြေလုံးကိုပင်) စက်ဝိုင်းပုံစံကျအောင်အထိကွေး၍ ပုံဖော်ကြည့်ပါ။
- စက်ဝိုင်းပုံသဏ္ဍန်ပြုလုပ်၍ မရပါက မြေသည်စေးသော နုန်းမြေ ဖြစ်သည်။
- စက်ဝိုင်းပုံသဏ္ဍန်ပြုလုပ်ရရှိပြီး အက်ကွဲခြင်းမရှိပါက မြေသည် မြေစေးအမျိုးအစားဖြစ်သည်။
ဓာတုပိုင်း
ဓာတုပိုင်းလို့ ဆိုရာမှာ မြေဆီလွှာအတွင်းပါရှိတဲ့ ဓာတ်သတ္တုတွေရဲ့ ဟန်ချက်ညီညီ ပါဝင်နေမှုပါ။ ၎င်းတို့ လျော့နဲလွန်းရင်ဖြစ်ဖြစ်၊ များစွာပိုလျှံနေရင်ဖြစ်ဖြစ် မြေဆီလွှာရဲ့ ဟန်ချက်ညီမှုကို ပျက်စေပါတယ်။ ဒီလို ဟန်ချက်မညီခဲ့ရင် အပင်တွေမှာ ဓာတ်တမျိုးမျိုးအဆိပ်သင့်ခြင်း၊ ချို့တဲ့ခြင်း စတာတွေ ကြုံရပါလိမ့်မယ်။
တခါ ပါဝင်တဲ့ ဓာတ်သတ္တုတွေမှာ ဓာတ်ဖို၊ ဓာတ်မ အိုင်းယွန်းတွေ အသီးသီးရှိကြပါတယ်။ ၎င်းဓာတ်ဖို ဓာတ်မတွေရဲ့ ဟန်ချက်ညီညီ ပါဝင်နေမှုကလဲ အလွန်ပဲ အရေးပါလှပါတယ်။
Cation Exchange Capicity လို့ခေါ်တဲ့ CEC ဓာတ်ဖိုဖလှယ်သတ္တိ (အပင်မှ H+ အိုင်းယွန်းထွက်ပြီး မြေဆီလွှာမှ ကယ်ဆီယမ် ပိုတက်ဆီယမ်ကဲ့သို့သော ဓာတ်ဖိုဓာတ်ပေါင်းများကို ဖလှယ်နိုင်သောစွမ်းရည်) ၊
Anion Exchange Capicity လို့ခေါ်တဲ့ AEC ဓာတ်မဖလှယ်သတ္တိ (အပင်မှ ကာဗွန်နိတ် OH- အိုင်းယွန်းထွက်ပြီး မြေဆီလွှာမှ ဖော့စရပ်ဒြပ်ပေါင်း ကဲ့သို့သော ဓာတ်ဖိုဓာတ်ပေါင်းများကို ဖလှယ်နိုင်သောစွမ်းရည်)၊
pH (ဟိုက်ဒရိုဂျင် အပေါင်းဓာတ်ဖို၏ Log အနှုတ်တန်ဖိုးဖြစ်၍ pHတန်ဖိုး နဲချင်းက H+ ပမာဏများခြင်း၊ pH တန်ဖိုးများခြင်းက H+ ပမာဏနဲခြင်းကို ညွှန်းဆိုတယ်။ တနည်း H+ သည် အက်ဆစ်ပမာဏကို ဖော်ပြခြင်းဖြစ်တယ်။)
…စတဲ့ CEC, AEC, pH တန်ဖိုးတွေ ဟန်ချက်ညီနေစေဖို့ မြေဆီလွှာအတွင်း ပါဝင်တဲ့ ဓာတ်သတ္တုတွေရဲ့ ဓာတ်ဖို ဓာတ်မတွေ ဟန်ချက်ညီညီရှိနေရပါမယ်။ (၎င်းတို့ အကြောင်းကိုလဲ နောက်မှာ အသေးစိတ်ဖော်ပြပေးပါမယ်။)
တခါ ဒီလို ဓာတ်သတ္တုတွေရဲ့ ဓာတ်ဖို ဓာတ်မအစွမ်းတွေကြောင့် မြေဆီလွှာအတွင်း လျှပ်စစ်စီးဝင်နိုင်မှု ပမာဏ အနဲအများ ကန့်သတ်ချက်အတွင်းမှာ မရှိခဲ့ရင်လဲ မြေဆီလွှာအနေနဲ့ ဆားပေါက်ခြင်း၊ မြေချဉ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
အထက်ဖော်ပြပါအချက်တွေနဲ့ မြေဆီလွှာရဲ့ အရည်အသွေးကို ဓာတုပိုင်းအရ ခွဲခြားသုံးသပ်လေ့လာလေ့ရှိပါတယ်။
ဇီဝပိုင်း
ဇီဝပိုင်းကတော့ မြေဆီလွှာ ရုပ်ဂုဏ်သတ္တိရော၊ ဓာတ်ဂုဏ်သတ္တိရောကို အပြန်အလှန် အကျိုးပြုသက်ရောက်စေပါတယ်။ တနည်းအားဖြင့် မြေဆီလွှာမှာပါ အထက်က ပြောခဲ့တဲ့ အခြေခံ လေးခုထဲက အနဲဆုံးအစိတ်အပိုင်းဖြစ်တဲ့ သြဂဲနစ်ပစ္စည်း (Organic Matter – OM) တွေပါ။ ဒီ အနဲဆုံးသော ပမာဏကပဲ ကြီးမားတဲ့ မြေဆီလွှာထုတခုလုံးကို များစွာသော ပြောင်းလဲမှုတွေကို ဖြစ်စေပါတယ်။ ဒီ OM တွေမရှိရင် မြေကြီးကို Dead Soil မြေသေလို့တောင် ပြောနိုင်ပါတယ်။
ဒီနဲတဲ့ အရေအတွက်ကပဲ များစွာသော အပြောင်းအလဲကို ဘယ်လို ဖြစ်စေသလဲဆိုရင် ကျနော် ပြောနေကျအတိုင်း အကောင်ငယ်ပေမယ့် အထင်မသေးမိဖို့ပါ။ ပုရွက်ဆိတ် တကောင်ရဲ့ စွမ်းဆောင်ရည်နဲ့ ဆင်တကောင်ရဲ့ စွမ်းဆောင်ရည်ဟာ များစွာကွာမယ်လို့ စာဖတ်သူ ထင်ကောင်း ထင်မိမှာပါ။ သို့သော် ဒီပုရွက်ဆိတ်တွေက ဆင်ခန္ဓာကိုယ်လောက်တောင်မရှိဘဲ ဆင်ရဲ့ ခေါင်းလောက်ရှိတဲ့ ပုရွက်အုံတခုကတော့ ဆင်တကောင်လုံးကို ဘုံးဘုံးလဲသွားနိုင်စေတာတော့ အမှန်ပါ။
ဒီမြေဆီလွှာ အနဲဆုံးအပိုင်းသက်ရှိတွေက တနည်းပြောရင် ထမင်းချက်နဲ့တူပါတယ်။ စားဖိုချောင်က ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်၊ အသားငါးတွေကို စားသုံးသူ အစပ်အဟပ်တည့်အောင် အကောင်းမွန်ဆုံးချက်ပြုတ်ပေးနိုင်တဲ့ အတော်ဆုံး စားဖိုမှူကဲ့သို့ အပင်အတွက် ထည့်ပေးလိုက်တဲ့ သဘာဝမြေသြဇာဖြစ်ဖြစ်၊ ဓာတုမြေသြဇာဖြစ်ဖြစ် ၎င်းတို့ကို အပင်အလွယ်တကူ စားသုံးနိုင်အောင် ကူညီဆောင်ရွက်ပေးနေသူတွေပါ။ ၎င်းတို့တွေဟာ သဘာဝမှာ အရင်ကတည်းက လေ့လာတွေ့ရှိပြီး ပညာရှင်များက ဖော်ထုတ်လို့ အခုတော့ Effective Micro-organisms (အကျိုးပြု အဏုဇီဝ)၊ FAA (ငါးအမိုင်နိုအက်ဆစ်)၊ ဇီဝနိုက်ထရိုဂျင်စုစည်းပေးတဲ့ ပဲမြစ်ဖု မြေသြဇာ(Rhizobium) ရေနေ အဇိုတိုဘက်တာ နဲ့ Azolla (Water-fern) ၊ မိုက်ကိုရိုင်ဇာ (အမြစ်ကဲ့သို့မှို)၊ မြေဆီလွှာတွင်းရှိ တီကောင်၊ ပရိုတိုဇိုးဝါး၊ အကျိုးပြုမှိုများ စတဲ့အရာတွေပါပဲ။
ဒီလို မြေဆီလွှာရဲ့ ရုပ်ပိုင်း၊ ဓာတုပိုင်း၊ ဇီဝပိုင်း သုံးမျိုးလုံးဟာ တခုနဲ့ တခု များစွာဆက်စပ်လျက် ပြီးပြည့်စုံကောင်းမွန်သော မြေဆီလွှာအဖြစ်ရပ်တည်ဖို့ ဟန်ချက်ညီစွာရှိနေဖို့လိုပါမယ်။ ဒါကို ကောင်းစွာသိတဲ့ စိုက်ပျိုးသူဟာ အပင်တွေကို အစာကျွေးမယ့်အစား မြေဆီလွှာကို ဟန်ချက်ညီနေအောင် မျှတစွာ ပြုပြင်နေမှာဖြစ်ပါတော့ကြောင်း မြေဆီလွှာအကြောင်း ဒီမှာ ခဏရပ်နားပါရစေ။
ခင်မင်တဲ့
ကိုဝေအောင်
စိမ်းလန်းသစ်မွှေးရောင်းဝယ်ရေး
၁၉ နိုဝင်ဘာ ၂၀၁၄
မနက် ၅း ၅၀
ကိုးကား-
Comments
Post a Comment