1 တောင်သူဦးကြီးများ အလေးထားစိုက်ပျိုးသင့်သော “ကြယ်ပဲ”----------------------------------------------------
တစ်နေ့ သူငယ်ချင်းတစ်ယောက်က ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အိုင်သပြု ကျေးရွာအုပ်စု မယင်းကွင်းမှာ Golden |Sacha Inchi (Myanmar) Co., Ltd က ကြယ်ပဲပျိုးပင်တွေ ပျိုးနေတယ်။ ကြယ်ပဲက စီးပွားဖြစ် စိုက်ပျိုးနိုင်မယ့် သီးနှံလည်း ဖြစ်ကြောင်း၊ တောင်သူများ စိုက်ပျိုးနိုင်ရန် ကုမ္ပဏီမှ ကြယ်ပဲပျိုးပင်တွေကိုလည်း အခမဲ့ပေးနေတယ်။ ထွက်သမျှ သီးနှံကိုလည်း ဒေသပေါက်ဈေးနဲ့ စာချုပ်ပြီးဝယ်မယ်။ အခုသင်တန်းတွေလည်း ပေးနေပြီ။ သွားလေ့လာရအောင်ဆိုတာနဲ့ လိုက်ပါသွားခဲ့တယ်။ စာရေးသူက လယ် (၁၄) ဧကနဲ့ ခြံတစ်ဧကကို နှစ်ပေါင်းများစွာ ကိုယ်တိုင်ထွန်ယက် စိုက်ပျိုးသူ တစ်ယောက်ပါ။ သို့သော် ထွန်ယက်စိုက်ပျိုးစရိတ်၊ မျိုး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး စသည်တို့ ဈေးနှုန်းမြင့်မားပြီး ရာသီမမှန်ခြင်း၊ သီးနှံပေါ်ချိန်တွင် ဈေးနှုန်းတည်ငြိမ် ခိုင်မာမှုမရှိဘဲ ဈေးနှုန်း ကျဆင်းမှုတို့ကြောင့် အကျိုးဖြစ်ထွန်းမှု နည်းပါးခဲ့သူ ဖြစ်ပါသည်။ လေးမျက်နှာမြို့နှင့် ခုနစ်မိုင်ကျော် ဝေးတဲ့ အိုင်သပြုကျေးရွာအုပ်စု မယင်းကွင်းမှာ အခြေစိုက်တဲ့ Golden Sacha Inchi (Myanmar) Co.,Ltd. (ဂိုးလ်ဒင်းစာချာအင်ချီ-မြန်မာ) ကုမ္ပဏီလီမိတက်ကို ရောက်ရှိရာ အုပ်ချုပ်မှု ဒါရိုက်တာ အဖွဲဝင်များ ကြယ်ပဲနှင့် ပတ်သက်သော ပညာရှင်များက အထက်မြန်မာပြည်၊ အောက်မြန်မာပြည်မှ ကြယ်ပဲကို စိတ်ဝင်စားပြီး လာရောက်သင်တန်း တက်ရောက်ကြသော သင်တန်းသား (၅၀) ကျော်ကို သင်တန်းပို့ချနေတာကို တွေ့ရပါတယ်။
စာရေးသူက ကြယ်ပဲနှင့် ပတ်သက်ပြီး စိုက်ပျိုးဖို့ ဆုံးဖြတ်ပြီးဖြစ်ရာ စာရေးသူကဲ့သို့ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစိုက်ပျိုးနိုင်ရန်အတွက် မေးမြန်းခွင့်တောင်းရာ ဒါရိုက်တာ အဖွဲ့ဝင် ဦးလှဝင်းရွှေနှင့် မိတ်ဆက်ပေးပြီး မေးမြန်းဖြေကြားမှုများကို တောင်သူဦးကြီးများအား မျှဝေတင်ပြရခြင်း ဖြစ်ပါတယ်။
မေး။ ။ ဦးလှဝင်းရွှေခင်ဗျား ကြယ်ပဲရဲ့ မူရင်းဒေသနဲ့ အသုံးဝင်ပုံလေးကို သိပါရစေခင်ဗျ။
ဖြေ။ ။ ဟုတ်ကဲ့ ကြယ်ပဲကို ပီရူးနိုင်ငံ အမေဇုန်တောအတွင်းမှာ စတင်တွေ့ရှိခဲ့ပြီး အစေ့အဆန် (nut) အုပ်စုဝင် ပဲမျိုးစေ့ ဖြစ်ပါတယ်။ ပီရူးအမည်ကတော့ Sacha Inchi လို့ခေါ်ပြီး အင်္ဂလိပ်အမည်ကတော့ Inca Peanut ဖြစ်ပါတယ်။ ရုက္ခဗေဒ အမည်ကတော့ Plukenetia Volubilis လို့ခေါ်ပါတယ်။ ဗီတာမင် A, E နဲ့ သက်စောင့်ဓာတ်ဖြစ်တဲ့ Omega 3, 6, 9 များကြွယ်ဝစွာ ပါဝင်တဲ့အတွက် စားသောက်ကုန်အပြင် ဆေးဝါးကုန်ကြမ်းအဖြစ်လည်း အသုံးပြုပါတယ်။
ဆေးဝါးအနေနဲ့ ငါးကြီးဆီ အစားထိုး ထုတ်လုပ်လျှက်ရှိပြီး အရွက်ခြောက်များကို အဆီကျ၊ မှတ်ဥာဏ် ကောင်းစေရန် လက်ဖက်ခြောက်အဖြစ် သောက်သုံးနိုင်ပါတယ်။ အညွှန့်များ၊ အရွက်များတွင် ဗီတာမင်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် မိမိကြိုက်သလို ချက်ပြုတ်စားသောက်နိုင်ပါတယ်။ စားသုံးဆီနဲ့ အလှကုန်အမျိုးမျိုးကိုလည်း ထုတ်လုပ်ပါတယ်။ Cornell University (USA) မှ လေ့လာတွေ့ရှိချက်အရ ကြယ်ပဲရဲ့ အဆန်မှာ အသားဓာတ်အရ ၂၉ ရာခိုင်နှုန်း၊ အဆီဓာတ် ၄၉ ဒဿမ ၆ ရာခိုင်နှုန်း ပါဝင်ပြီး အဆီမှာ Omega 3 ၅၄ ရာခိုင်နှုန်း၊ Omega 6 ၃၃ ဒဿမ ၄ ရာခိုင်နှုန်း၊ Omega 9 ၇ ဒဿမ ၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ နှလုံးရောဂါ သွေးခုန်နှုန်း မမှန်းခြင်းတို့ကို ကာကွယ်ပေးပြီး ဦးနှောက်စွမ်းရည်နှင့် မှတ်ဥာဏ်ကို တိုးတက်စေပြီး ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေပြီး ၀မ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
မေး။ ။ကြယ်ပဲ အောင်မြင်စွာ စိုက်ပျိုးနိုင်မယ့် ရေ၊ မြေ၊ ရာသီဥတု အခြေအနေကို သိပါရစေခင်ဗျ။
ဖြေ။ ။ကြယ်ပဲသည် အပူချိန် ၁၀̊ C မှ ၃၆ ̊ C အတွင်း ကြိုက်နှစ်သက်ပြီး အမြင့်ပေ ၃၀၀ မှ ၆၀၀၀ အတွင်း စိုက်ပျိုးနိုင်ပါတယ်။ နွေသမပိုင်း ရာသီဥတုကို နှစ်သက်လို့ မြန်မာနိုင်ငံမှာ ကောင်းစွာ ဖြစ်ထွန်းနိုင်ပါတယ်။ မြေအချဉ်ဓာတ်စံ ၄ ဒဿမ ၅ မှ ၆ ဒဿမ ၅ ဧကအတွင်း စိုက်ပျိုးနိုင်ပြီး စိုထိုင်းစ (Humidity) ၈၀ ရာခိုင်နှုန်း လိုအပ်တဲ့အတွက် ရေပေးသွင်းနိုင်ပါက ရာသီမရွေး စိုက်ပျိုးနိုင်ပါတယ်။ အလင်းရောင်လိုအပ်တဲ့အတွက် နေရောင်ခြည်ကောင်းစွာရဖို့ လိုအပ်ပါတယ်။ ရေ၀ပ်ခြင်း၊ ရေငတ်ခြင်း မဖြစ်အောင် စီမံထားဖို့ လိုအပ်ပါတယ်။
မေး။ ။ကြယ်ပဲပင်ရဲ့ သွင်ပြင်လက္ခဏာ အနေအထားကို သိပါရစေခင်ဗျာ။
ဖြေ။ ။ကြယ်ပဲက နွယ်ပင်အမျိုးအစားဖြစ်ပြီး နှစ် ၃၀ မှ နှစ် ၅၀ အထိခံတဲ့ နှစ်ရှည်သီးနှံပင် ဖြစ်ပါတယ်။ တစ်ကြိမ်စိုက်ပျိုးပြီး ထိန်းသိမ်းစောင့်ရှောက်ပေးရုံဖြင့် နှစ် ၃၀ မှ ၅၀ အတွထိ အသီးခူးနေရုံသာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောက်တိုင်၊ မျှောတိုင်၊ ၀ါးတိုင်များမှာ သွပ်နန်းကြိုးနဲ့ စင်ပေါ်တင်ပေးရမည်ဖြစ်ပြီး ရှစ်လမှ တစ်နှစ်အတွင်း အသီးများ စတင်ခူးရမှာ ဖြစ်ပါတယ်။ အရွက်မှာ အသည်းပုံ လွှသွားများလို အနားများရှိပြီး တစ်နှစ်ပတ်လုံးနီးပါး အသီးသီးနိုင်ပါတယ်။ ကြယ်ပဲရဲအသီးဟာ ကြယ်ပုံသဏ္ဍာန်ရှိပြီး နုစဉ်မှာ အစိမ်းရောင်၊ ရင့်မှည့်ချိန်မှာ အညိုရင့်ရင်အရောင်ဖြစ်ပြီး အစေ့အဆန်ကတော့ ဘဲဥပုံဖြစ်ပါတယ်။ ပထမနှစ်မှာ တစ်ပင်ကို နှစ်ကီလိုမှ ငါးကီလိုအထိ ထွက်ရှိနိုင်ပြီး နောက်နှစ်များမှာ ပိုမိုထွက်ရှိပါတယ်။ တစ်ကီလိုဂရမ်တွင် အစေ့ ၈၀၀ မှ ၁၀၀၀ အတွင်းရှိပြီး ( ၆၂ ဒဿမ ၅ ကျပ်သား) ရှိပါတယ်။ နို့စည်ဘူး ငါးဘူး ခန့် ဖြစ်ပါတယ်။
မေး။ ။ ကြယ်ပဲမျိုးပုံကို သိပါရစေခင်ဗျာ။
ဖြေ။ ။ ကြယ်ပဲဟာ အခွံမာ သစ်စေ့ဖြစ်ပါတယ်။ အထွက်နှုန်းကောင်းအောင် မျိုးကောင်း မျိုးသန့်များကို ရှာဖွေစိုက်ပျိုးသင့်ပြီး မျိုးစေ့ တစ်ကီလို (၆၂ ဒဿမ ၅ ကျပ်သား)၊ နို့ဆီဘူး ငါးဘူးကို ရေအေး တစ်ဂါလန်ခွဲ ရေနွေးတစ်ဂါလန်ခွဲ ရောစပ်ပြီး ရရှိလာတဲ့ ကြက်သိမ်းနွေး ရေဇလံမှာ ပုဆိုးနဲ့ ဖွဖွထုပ်ထားတဲ့ မျိုးစေ့များကို တစ်ညတာ ၂၄ နာရီ ရေစိမ်ပေးပါ။ ရေစို မျက်နှာသုတ်ပ၀ါနဲ့ ထုပ်ပြီးတော့ ရေခဲ့ပုံးထဲမှာလည်း ထည့်ထားနိုင်ပါတယ်။ အဲဒီနောက် အနံတစ်ပေ အလျားသင့်သလို သဲပေါင်များမှာ သုံးလက်မ အကွာအဝေးဖြင့် လည်းကောင်း ပလတ်စတစ် ပျိုးခွက်များဖြင့်လည်းကောင်း၊ အစေ့ရဲ့ချက်များကို သဲထဲ လေးပုံတစ်ပုံ မြှုပ်ပြီး အစို့ဖောက်ရမှာ ဖြစ်ပါတယ်။
ပင်စည်စုပ်ပိုးမှ ကာကွယ်ရန် သဲပေါင်မှ အညှောင့်ဖောက်နေစဉ် လိုင်းဆာလဖာမှိုဆေးဖြင့် ပျိုးပင်များကို ပက်ဖျန်းပေးရပါမယ်။ ငါးရက်မှ ၁၀ ရက်အတွင်း အစို့ပေါက်လာပြီး ၁၀ ရက်ခန့်ကြာလျှင် အမြစ်များ စတင်ထွက်ရှိလာချိန် မြေကြီး သုံးဆ၊ သဲနှစ်ဆ၊ ဖွဲပြာတစ်ဆ ရောထားတဲ့ ခြောက်လက်မ၊ ကိုးလက်မ ပလတ်စတစ် မျိုးအိတ်ထဲ ပြောင်းရွှေ့ရပါမယ်။ ပျိုးထုပ်ထဲမှာ အပင်သက်တမ်း တစ်လကျော်လျှင် အမြင့်တစ်ပေကျော် ရှိပြီး အညွန့်များကို ဖြတ်ပေးခြင်းဖြင့် ကိုင်းတက်များ ဖြာလာပါမယ်။ ပျိုးပင်များကို မှိုရောဂါ၊ အခြားရောဂါများ ကာကွယ်ရန် “လိုင်းဆာဖာ” မှိုသတ်ဆေးကို ပတ်ဖျန်းပေးရပါမယ်။ သို့သော် ရွက်နုထွက်ချိန်များတွင် မဖျန်းရပါ။ လိုအပ်ပါက စိုက်ပျိုးပြီး တစ်လသားတွင် မြေသြဇာ အနည်းငယ် ကျွေးနိုင်ပါတယ်။ ဘိုင်အိုစူပရင်းကဲ့သို့ မြေသြဇာများလည်း ကျွေးနိုင်ပါတယ်။
မေး။ ။ စိုက်ခင်းမြေကို ဘယ်လိုပြင်ရမလဲခင်ဗျာ။
ဖြေ။ ။ ပျိုးပင်များကို ပြုစုစောင့်ရှောက်နေစဉ် စိုက်ခင်းမြေပြင်ခြင်းကို ဆောင်ရွက်နိုင်ပါတယ်။ စက်ဖြင့် ထယ်၊ ထွန်နှစ်စပ်စီ ထွန်ပေးရပါမယ်။ အမြစ်များ ပြန့်ကားထွက်လာမည် ဖြစ်သဖြင့် နောက်မှ မြေဆွေးပေးခြင်းထက် မြေဆွေးပေးခြင်းထက် မြေဆွေးကို တစ်ခါတည်းထည့်လျှင် ပိုကောင်းပါတယ်။ စိုက်ခင်းပေါင်များကို လေးပေပေါင်များ ပြုလုပ်ပြီး အပင်ပန္နက်နေရာမှာ တစ်တောင်ပတ်လည် ကျင်းများတူးပြီး မြေဆွေး၊ ကြက်ချေးများနှင့် မီးနာနာရှို့ပြီး နှပ်ထားခြင်း သို့မဟုတ် ဘိုကာရှီ နှစ်ဘူးစီထည့်ပြီး မြေပြင်ထားရပါမယ်။ စိုက်ပေါင်တန်းများမှာလည်း မြေပေါ် ငါးပေအမြင့်ရှိတဲ့ ကျောက်တိုင် သို့မဟုတ် သစ်၊ မျှော၊ ၀ါးတိုင်များကို ကိုးပေးခြားစိုက်ထားပြီး မယိုင်နဲ့စေရန် ကျားကန်ခြင်း၊ ငုတ်ရိုက်ဆိုင်းကြိုးများနှင့် ဆိုင်းထားခြင်းများ ပြုလုပ်ရပါမယ်။ မြေပြင်မှ သုံးပေအမြင့်မှာ သွပ်နန်းကြိုးတစ်တန်း ငါးပေအမြင့်တွင် လေးပေ သစ်သားတန်းတစ်ခုဖြင့် နှစ်ပေကွာ သွပ်နန်းကြိုးသုံးတန်း တားပေးရပါမယ်။ နှစ်ရှည်သီးနှံဖြစ်တဲ့အတွက် မြေနေရာ ရွေးချယ်မှု မှန်ကန်ရန် လိုအပ်ပါတယ်။
မေး။ ။ကြယ်ပဲ စိုက်ပျိုးပုံကို ရှင်းပြပေးပါဦးခင်ဗျာ။
ဖြေ။ ။ ကြယ်ပဲတစ်လခွဲ ပျိုးထုပ်များကို စိုက်ပျိုးမည့် နေရာများတွင် ပဲပင်များ နွယ်တက်နိုင်ရန် တိုင်များ စိုက်ထားပေး ရပါမယ်။ ၀ါးတိုင်စိုက်လျှင် နောင်တွင် ဆွေးသွားနိုင်သော်လည်း အဲဒီအချိန်မှာ အပင်သန်မာ လာပြီဖြစ်လို့ ပြဿနာမရှိပါ။ သစ်မျှောတိုင်၊ ကျောက်တိုင်စိုက်နိုင်လျှင်တော့ အကောင်းဆုံးပါ။ မြေခံ၊ မြေဆီ၊ မြေသြဇာများကို ပေါင်းပင်များ စားခြင်းမှ ကာကွယ်ရန် ပေါင်းပင်များကို အမြစ်ပါအောင် နုတ်ဖို့ လိုပါတယ်။ ပေါင်းရှင်း အလုပ်သမားများကို ပဲပင်အရေအတွက်ဖြင့် ပုတ်ပြတ်တာဝန် ပေးထားရပါမယ်။ ပေါက်ပြား၊ ကြားထွန်တိုက်ခြင်း၊ ပြုလုပ်ပါက အမြစ်များကို ထိခိုက်နိုင်ပါတယ်။ ပြုပြင်ထိန်းသိမ်း ပေးသည်နှင့်အမျှ အသီးများ ဆက်တိုက် သီးနေမည်ဖြစ်သည်။ စိုက်ပျိုးပြီး ရှစ်လမှ တစ်နှစ်အတွင်း အသီးများ စတင်ရရှိပြီး အခွံများခြောက်မှ ဆွတ်ခူးပြီး ထပ်မံနေလှန်း၍ ကြိတ်ရပါမည်။
မေး။ ။ တစ်ဧကကို အပင်အရေအတွက် ဘယ်လောက်ပါဝင်ပါသလဲ။ တစ်ပင်ကို ပျမ်းမျှအထွက်နှုန်းနဲ့ ရရှိနိုင်မယ့် ခန့်မှန်းဝင်ငွေ သိပါရစေ။
ဖြေ။ ။ ပင်ကြား x တန်းကြား (၉ပေ x ၉ပေ) ပုံစံ စိုက်ပါက တစ်ဧက အပင် ၅၂၀ ၀င်ဆံ့ပြီး ၉ ပေ x ၇ ပေ ပုံစံစိုက်ပါက တစ်ဧက အပင် ၆၅၀ ၀င်ဆံ့ပါမယ်။ တစ်ပင်ကို ပထမနှစ်မှာ ပြုစုပျိုးထောင်မှုအပေါ် မူတည်ပြီး နှစ်ကီလိုမှ ငါးကီလိုထိ ရရှိနိုင်ပြိး နောင်နှစ်များမှာ ငါးကီလိုအထက် ရရှိနိုင်ပါတယ်။ တစ်ဧက ၀င်ငွေ ၁၆ သိန်းမှာ ၂၅ သိန်းအထိ ရရှိနိုင်ပါတယ်။
မေး။ ။ ကုမ္ပဏီက ကြယ်ပဲစိုက်ပျိုးမယ့် တောင်သူတွေကို ဘယ်လိုကူညီ ပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်သလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ ကုမ္ပဏီက ကြယ်ပဲစိုက်တောင်သူတွေကို လောလောဆယ် ကုမ္ပဏီ အခြေစိုက် ဖြစ်တဲ့အတွက် အိုင်သပြု(မယင်း) မှာ လစဉ် လဆန်း ၁ ရက်နေ့မှ ၃ ရက်အထိ ကြယ်ပဲ စိုက်ပျိုးနည်းပညာကို အခမဲ့သင်တန်းပေးနေပါတယ်။ လာရောက် သင်တန်းတက်သူတိုင်းကို နေစရိတ်၊ စားစရိတ်ကိုလည်း ကုမ္ပဏီက ကျခံပါတယ်။ သင်တန်းသား ကန့်သတ်မှု မရှိပါဘူး။ နောက်တစ်ခုက တစ်လခွဲသား ကြယ်ပဲပျိုးပင်ကို ကုမ္ပဏီက တောင်သူများထံ အခမဲ့ဖြန့်ဝေသွားမှာပါ။ တစ်နိုင်ငံလုံး မည်သူစိုက်စိုက် အခမဲ့ပေးသွားမှာပါခင်ဗျာ။
မေး။ ။ တောင်သူကရော ဘယ်လိုလိုက်နာဆောင်ရွက်ရမှာလဲခင်ဗျာ။
ဖြေ။ ။ (၁) ကြယ်ပဲ စိုက်ပျိုးမယ့် တောင်သူက မိမိပိုင် သို့မဟုတ် စိုက်ပျိုးလုပ်ကိုင်ခွင့် ပြေစာရှိပြီး သက်ဆိုင်ရာ ရပ်/ကျေး မြေယာကော်မတီမှ မှန်ကန်ကြောင်း ထောက်ခံချက်ရှိရမည်။ (၂) မိမိစိုက်ပျိုးမြေသည် စိုက်ပျိုးသီးနှံအတွက် ရေလုံလောက်မှုရှိရမည်။ ရေ၀ပ်ဧရိယာ မဖြစ်စေရ။ (၃) တစ်ဧကနှင့်အထက် စိုက်ပျိုးနိုင်သော မြေပိုင်ဆိုင်မှု ရှိရမည်။ (၄) ဓာတုပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ မသုံးရ။ သဘာဝမြေသြဇာနှင့် သဘာဝပိုးသတ်ဆေးသာလျှင် သုံးစွဲရမည်။ စိုက်ခင်းတွင်း တစ်စုံတစ်ရာ အခက်အခဲ ကြုံလာပါက ကုမ္ပဏီသို့ ချက်ချင်းသတင်းပို့ရမည်။ (၅) ကုမ္ပဏီ (နေစရိတ်၊ စားစရိတ်၊ ငြိမ်း) အခမဲ့ပို့ချသော သင်တန်းများကို မပျက်မကွက် တက်ရောက်ရန်နှင့် သင်တန်းမှ ပို့ချသော စိုက်ပျိုးနည်းစနစ်အတိုင်း စိုက်ပျိုးရမည်။ (၆) ကုမ္ပဏီမှ သတ်မှတ်စံနှုန်းအတိုင်း မြေပြင်ပေးထားရမည်။ (၇) သီးနှံဖြစ်ထွန်း အောင်မြင်စေရန် လိုအပ်သော အထောက်အကူ ပစ္စည်းများကို ပြည့်စုံအောင် စီမံထားရှိပေးရမည်။ (သစ်၊ ၀ါး၊ ရေ၊ သွပ်ကြိုး) အစရှိသဖြင့် အသင့်ရှိရမည်။(၈) စိုက်ပျိုးထွက် သီးနှံများကို ကုမ္ပဏီသို့ အနည်းဆုံး ငါးနှစ် မပျက်မကွက် ရောင်းချပေးရမည်။ (၉) ကုမ္ပဏီထံသို့ သီးနှံရောင်းချရာတွင် ကြယ်ပဲစေ့ခြောက်ကိုသာ ရောင်းချရမည်ဆိုပြီး အချက် (၉) ချက်နဲ့ လိုက်နာဆောင်ရွက်ရပါမယ်။
မေး။ ။ ကုမ္ပဏီကရော ဘယ်လိုအာမခံချက်မျိုး ပေးနိုင်ပါမလဲခင်ဗျာ။
ဖြေ။ ။ ဟုတ်ကဲ့၊ ကုမ္ပဏီက (၁) စိုက်ပျိုးမယ့် တောင်သူများ၏ အကျိုးစီးပွားကို ရည်ရွယ်ပြီးတော့ အခြေခံဈေးနှုန်း စံတစ်ခု သတ်မှတ် စာချုပ်ချုပ်ဆိုပါမယ်။ သီးနှံပေါ်ချိန်မှာ ကာလပေါက်ဈေးအတိုင်း ပေးဝယ်ပါမယ်။ (၂) ထွက်ရှိလာသော သီးနှံများကို ပိဿာဈေးနှုန်းအဖြစ် အကန်အသတ်မဲ့ ၀ယ်ယူပါမည်။ (၃) ထွက်ရှိလာတဲ့ သီးနှံများကို ကုမ္ပဏီသို့ ငါးနှစ်အနည်းဆုံး မပျက်မကွက် ပေါက်ဈေးအတိုင်း ရောင်းချပေးရပါမယ်။ (၄) ရိုးသားပြီး ကြိုးစားသော တောင်သူများကို ကုမ္ပဏီ၏ ဒေသခံ ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ပြီး လုပ်ကိုင်ဆောင်ရွက်စေသော အခွင့်အရေး ရရှိပါမည်။ (၅) သီးနှံစိုက်ရန် မြေပြင်ထားမှု အသင့် ရှိ၊ မရှိ စိစစ်ပြီး ပျိုးပင်များကို အခမဲ့ဖြန့်ဝေသွားပါမည်။ (၆) ကုမ္ပဏီက လိုအပ်သော စိုက်ပျိုးနည်းစနစ်၊ ထိန်းသိမ်းမှုနည်းစနစ်များအတွက် သင်တန်းအခမဲ့ ပို့ချပေးမည်။ (၇) ပိုးမွှားအန္တရာယ် ၊ သဘာဝကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို သက်ဆိုင်ရာ တောင်သူက အကြောင်းကြားလာလျှင် ဒေသဆိုင်ရာ ကိုယ်စားလှယ်နှင့် ညှိနှိုင်းပြီး အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးမည်။ (၈) ကုမ္ပဏီမှ သီးနှံများ ၀ယ်ယူရာတွင် ပိဿာကို အခြေခံပြီး ပိဿာဈေးနှုန်းဖြင့်သာ ၀ယ်ယူပါမည်။
မေး။ ။ ဟုတ်ကဲ့၊ ယခုပြောနေတဲ့အထဲမှာ ဒေသဆိုင်ရာ ကိုယ်စားလှယ် ခန့်မယ်ဆိုတာပါတယ်။ အဲ့ဒီကိုယ်စားလှယ်ကရော ဘာတွေဆောင်ရွက်ရပါမလဲခင်ဗျာ။
ဖြေ။ ။ ဟုတ်ကဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ်များ လိုက်နာရမယ့် စည်းကမ်းကတော့ (၁) ကုမ္ပဏီက အခမဲ့ပံ့ပိုးပေးသော ပျိုးပင်များကို သီးနှံစိုက်ပျိုးလိုသော တောင်သူများထံသို့ အဂတိကင်းစွာဖြင့် ပေးအပ်ရမည်။ (၂) ကုမ္ပဏီနှင့် သီးနှံစိုက်ပျိုးသော တောင်သူများအကြား လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းပေးရမည်။ (၃) သီးနှံစိုက်ပျိုးသော တောင်သူများမှ တင်ပြလာသော စိုက်ပျိုးရေး သဘာဝဘေးအန္တရာယ် အစရှိသော အခက်အခဲများအား ကုမ္ပဏီသို့ အချိန်နှင့် တစ်ပြေးညီ အကြောင်းကြားပေးရမည်။ (၄) သီးနှံစိုက်ပျိုးသော တောင်သူများက ထွက်ရှိလာသော သီးနှံများကို ကုမ္ပဏီမှ သတ်မှတ်ထားသော ဒေသပေါက်ဈေးနှုန်းအတိုင်း အဂတိကင်းစွာဖြင့် ၀ယ်ယူပေးရမည်။ (၅) ကုမ္ပဏီသို့ ပေးပို့သော (နည်းပညာ၊ သတင်းအချက်အလက်) များကို စိုက်ပျိုးသော တောင်သူများထံသို့ အချိန်နှင့် တပြေးညီ ပေးပို့ဆောင်ရွက်ပေးရမည်။ (၆) သီးနှံစိုက်ပျိုးသော တောင်သူများ၏ စိုက်ပျိုးမှု အခြေအနေနှင့် ပတ်သက်၍ လစ်ဟာပျက်ကွက်မှုများကို ကုမ္ပဏီသို့ အချိန်နှင့် တပြေးညီ သတင်းပို့ရမည် စတဲ့အချက်အလက်တွေ ပါဝင်ပါတယ်။
မေး။ ။ ဟုတ်ကဲ့၊ ကုမ္ပဏီရဲ့ ဆောင်ပုဒ်လေး သိပါရစေ ခင်ဗျာ။
ဖြေ။ ။ ကုမ္ပဏီရဲ့ ဆောင်ပုဒ်ကတော့ ‘ရွှေမြေမှာ ရွှေသီးဖို့ ၀ိုင်းဝန်းဖော်ဆောင် ကြိုးပမ်းကြပါစို့’ ‘စိုက်ပျိုးနည်းမှန် အပင်သန် သီးနှံဖွံ့ဖြိုး ၀င်ငွေတိုး’ ဆောင်ပုဒ် ဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ အခုလိုဖြေကြား ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ကလည်း မီဒီယာတွေအနေနဲ့ တောင်သူတွေကို ဖြန့်ဝေပေးနိုင်ရင် များစွာကျေးဇူးတင်ပါတယ်ခင်ဗျာ။
စာရေးသူ မေးမြန်းသော မေးခွန်းများကို ဈေးကွက်ဒါရိုက်တာ ဦးလှဝင်းရွှေက စိတ်ရှည်စွာ ရှင်းပြမှုကို တောင်သူဦးကြီးများ သိရှိနိုင်ရန် တင်ပြရခြင်း ဖြစ်ပါတယ်။ စာရေးသူ မေးမြန်းမှုများကို လိုအပ်ချက်ရှိ၍ သိရှိလိုသော အချက်အလက်များ ရှိပါက Hot Line No – 09 2629 20600 သို့ ဆက်သွယ်မေးမြန်းနိုင်ပါ ကြောင်း တင်ပြအပ်ပါသည်။
သီဟ(လေးမျက်နှာ)
(မေ၊ ၃၀၊ ၂၀၁၅) ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာမှ ဖော်ပြသည်။
ကြယ်ပဲ (Sacha Inchi) အား သိပ္ပံနည်းကျ
စိုက်ပျိုးနည်း
(Good Agriculture Practice )
(၁) တစ်ဧကအတွက် ပင်ကြားတန်းခြား ၉ ပေ ပတ်လည်ဆိုပါက ၀င်ဆန့်သော အပင်ဦးရေ (၅၃၀) ပင်၊ ၆ ပေ x ၁၂ ပေ ဆိုပါက (၆၀၅) ပင် ဖြစ်သဖြင့် တစ်ကီလိုလျှင် အစေ့ပေါင်း (၈၀၀) မှ (၈၅၀) အတွင်းရှိသောကြောင့် တစ်ဧကခွဲခန့် စိုက်ပျိုးနိုင်သည်။
(၂) အထွက်နှုန်းကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့်ကို ရှာဖွေစိုက်ပြီး အောင်မြင် ထွားကျိုင်းသော အစေ့အဆံများကို ရွေးချယ်ပျိုးသင့်သည်။
(၃) - မျိုးစေ့ တစ်ကီလိုလျှင် ရေအေး တစ်ဂါလံ၊ ရေနွေး တစ်ဂါလံခွဲ ရောစပ်ပြီး ရရှိလာသော ကြက်သီးနွေး ရေတွင် ပုဆိုး(သို့) ဂုန်နီအိတ်အစပါးဖြင့် ဖွဖွထုပ်ထားကာ ရေခဲပုံးတွင် တစ်ညတာသော တစ်ညတာ (၇ နာရီခန့်) စိမ်ပေးရမည်။ နောက်နေ့များတွင် ရေစိုမျက်နှာသုတ်ပုဝါဖြင့်ထုပ်၍ ရေခဲပုံးတွင်ထည့်ကာ အဖုံးပိတ်ပြီး နေရောင်အောက်တွင်လည်း ၃ ရက်ထိထားပေးခြင်းဖြင့် အစို့ဖေါက်နိုင်ပါသည်။
- အခွံမာ အစေ့များဖြစ်သောကြောင့် အညှောင့်ထွက် လွယ်ကူစေရန် မီးရှို့ထားသော မြေကျင်းထဲတွင် ရေစိုအ၀တ်ဖြင်ထုပ်၍ထည့်ကာ ကျင်းအပေါ်တွင်အဖုံးဖုံးကာ အစို့ဖေါက်ခြင်းလည်း ဆောင်ရွက်နိုင်ပါသည်။
- ဒေသ၊ ရာသီဥတုပေါ်မူတည်ပြီး တစ်ညရေစိမ်ခြင်း၊ နံက်နေရောင်ခြည်တွင် နေလှန်းခြင်းအား ၃ ကြိမ်စိမ် ၃ ကြိမ်လှန်ပြီး အညှောင့်ထွက်သည်အထိ အစို့ဖေါက်ခြင်း စသည်ဖြင့် နည်းလမ်းမျိုးစုံ အသုံးပြုနိုင်ပါသည်။
- သဲဘောင်တွင် အစို့ဖေါက်နည်းသုံးမည်ဆိုပါက အနံတစ်ပေ အလျှားသင့်သလို သဲဘောင်များတွင် ၃ လက္မ အကွာအဝေးဖြင့် လည်းကောင်း ပလပ်စတစ် ပျိုးခွက်များဖြင့်လည်းကောင်း အစေ့၏ ချက်များကို သဲထဲ ၄ ပုံ ၁ ပုံ မြုပ်ကာ အမြစ်အနည်းငယ် ပေါက်အောင် ထားရပါမည်။
- အခွံမာများအားလုံးကို လုံးဝခွာ၍ မှိုသတ်ဆေး ပိုးသတ်ဆေးများစိမ်ကာ အစို့ဖေါက်ပြီး ပျိုးထောင်ခြင်းကိုလည်း ဆောင်ရွက်နိုင်ပါသည်။
(၄) ထိုသို့ နည်းလမ်းအမျိုးမျိုးမှ နှစ်သက်ရာနည်းဖြင့် အစို့ဖေါက်ပြီး အညှောင့်စထွက် လာလျှင် ပျိုးအိတ်ထဲထည့်ပြီး မြေဆွေးပါးပါး ဖြူးထားပေးနိုင်ပါသည်။ အညှောင့် ပေါက်ပြီးသော အစေ့များကိုထည့်မှသာ အပင်ပေါက်ညီညာမည်ဖြစ်ပါသည်။ ရက်အတော်အသင့်ကြာသည်အထိ အညှောင့်မထွက်လာပါက ပျိုးအိတ်ထဲတွင်သာ အညှောင့်ထွက်စေသင့်ပါသည်။
(၅) ပျိုးအိတ်အတွင်းထည့်ရမည့် မြေဆွေး၊ မြေကြီးများကိုစုစည်းရွေးချယ်ရာတွင် အခြားပေါင်းမြက်မျိုးများမပါလာအောင် မီးရှို့၊ ဆန်ကာချပြီးမှ ရယူသင့်သည်။ ပျိုးအိတ်မြေစပ်နည်းများမှာ မြေဆွေး ၃ဆ၊ သဲနု ၂ဆ၊ ဖွဲပြာ ၁ဆ၊ နွားချေး ၁ဆ(၃း၂း၁း၁)ဖြင့် အသုံးပြုနိုင်ပါသည်။ ပျိုးအိတ်များကို ၇ x ၃(သို့) ၈ x ၄(သို့) ၆ x ၉ လက္မ (သို့) သင့်ရာ ပျိုးအိတ်များ အသုံးပြုနိုင်ပါသည်။ ပျိုးသက်တမ်း ၂ လမကျော်သင့်သဖြင့် အနက်ရောင်ပျိုးအိတ်အစား ဈေးနှုန်းချိုသာသော အိတ် အကြည်များဖြင့် အသုံးပြုနိုင်ပါသည်။ ပျိုးထောင်ရန် အခြေအနေမပေးတော့သည့် အခါ အစို့ဖေါက်ပြီး တိုက်ရိုက်အစေ့ချ၍လည်း စိုက်ပျိုးနိုင်ပါသည်။
(၆) ၁၀နှစ် မှ နှစ် ၃၀ အထိ ပြုစုထိန်းသိမ်းပြီး ဆွတ်ခူးနိုင်သော နှစ်ရှည်ပင် အမျိုးအစားဖြစ်သဖြင့် မြေနေရာရွေးချယ်မှု မှန်ကန်ရန်လိုအပ်သည်။ သို့သော် ပင်အိုများအတွက်နှုန်းကျဆင်းလာလျှင် မြေဆီလွှာ ပြုပြင်ခြင်း (သို့) အသစ်ပြန်လည်စိုက်ခြင်း ပြုလုပ်သင့်ပါသည်။ မြေချဉ်/ငံ ညွှန်းကိန်း (pH) ၄.၅ မှ ၆.၅ အတွင်း ဖြစ်ထွန်းပြီး ရေပေးနိုင်ပါက ရာသီမရွေး စိုက်ပျိုးနိုင်ပါသည်။ နေအလင်းရောင် အပြည့်အ၀ရရှိရန် နှင့် မြေစိုထိုင်းဆ ၈၀% ရှိရန် လိုအပ်ပါသည်။
(၇) ပျိုးပင်များကို ပြုစုပျိုးထောင်နေစဉ် စိုက်ခင်းမြေပြင်ခြင်းကို ဆောင်ရွက်နိုင်သည်။ စက်ဖြင့် ထယ်ထွန် ၂ စပ်စီ ထွန်ပေးသင့်သည်။ အမြစ်များ ပြန့်ကား ထွက်လာမည် ဖြစ်သဖြင့် နောင်မှ မြေဆွပေးရန် မဖြစ်နိုင်ပဲ စတင်စိုက်ပျိုးချိန်တွင်သာ အစကောင်း အောင် ဆောင်ရွက်သင့်ပါသည်။
(၈) စိုက်ခင်းဘောင်များကို တောင်-မြောက် ပေ ၃၀ (သို့) ၆၀ ဘောင်များ ပြုလုပ်ပြီး အပင်ပန္နက်များနေရာတွင် တစ်တောင်ပတ်လည် ကျင်းများတူး၍ မြေဆွေး ကြက် ချေးများဖြင့် မီးနာနာရှို့ကာ နှပ်ထားခြင်း (သို့) ဘိုကာရှီ ၂ဘူးစီ ထည့်၍ မြေပြင် ထားခြင်း စသဖြင့် သင့်တော်သောနည်းများဖြင့် မြေခံပြုပြင်ထားရမည်။
(၉) စိုက်ဘောင်တန်းများတွင် မြေပေါ် ၅ ပေ အမြင့်ရှိသော ကွန်ကရိတိုင် (သို့) သစ်၊ မျောတိုင်များအား ပေ ၃၀ ခြားစိုက်ထားကာ မယိုင်နဲ့စေရန် ကျားကန် ခြင်း၊ ငုတ်ရိုက်ဆိုင်းကြိုးထားခြင်း၊ မြေပြင်မှ ၃ ပေအမြင့်တွင် သွပ်နန်းကြိုး တစ်တန်း၊ ၅ ပေအမြင့်တွင် ၄ ပေ သစ်သားတန်းတစ်ခုဖြင့် ၂ပေကွာ သွပ်နန်း ကြိုး ၃တန်း ထားပေးရမည်။ သွပ်နန်းကြိုးအရွယ်သည် အပင်၏အလေးချိန်ကို ခံနိုင်ရည်ရှိပြီး ရေရှည်ခိုင်မာမှုရှိရန် လိုအပ်ပေသည်။ တိုင်များကို လိုအပ်လျှင် အစားထိုးနိုင် သော်လည်း သွပ်နန်းကြိုးများမှာမူ အပင်နွယ်များရစ်ပတ်နေသဖြင့် လဲလှယ်ရန် မလွယ်ကူပေ။
(၁၀) ပျိုးထုပ်များ မြေချစိုက်ပျိုးမည့်နေရာများတွင် ပဲပင်များ နွယ်တက်နိုင်ရန် ၀ါး တိုင်များ စိုက်ထားပေးရမည်။ နောင်တွင် ဆွေးသွားနိုင်သော်လည်း ထိုအချိန်တွင် အပင် သန်မာလာပြီဖြစ်သဖြင့် ပြဿနာမရှိတော့ပါ။
(၁၁) ပျိုးထုပ်ထဲတွင် အပင်သက်တမ်း တစ်လကျော်လာလျှင် အမြင့်တစ်ပေခန့်ရှိပြီး ၅ ပေကြိုးတန်းပေါ် ရောက်ချိန်တွင် အညွန့်များဖြတ်ပေးခြင်းဖြင့် ကိုင်းတက်များ ဖြာလာနိုင်ပါသည်။ ဖြတ်ထားသော ပဲညွန့် များကို ကြော်ချက်စားနိုင်ပြီး အနည်းငယ်ခါးသက်သက်ရှိသော်လည်း ဗီတာမင် ကြွယ်ဝသဖြင့် အရသာရှိပါသည်။ အောက်ခြေရှုတ်ထွေးမှု မလိုလားပါက ဘေးတက်များကို ဖဲ့ပေးနိုင်ပါသည်။
(၁၂) ပျိုးပင်များကို မှိုရောဂါ၊ မွှားနှင့် ပင့်ကူနီရန်မှကာကွယ်ရန် သင့်တော်ရာ သဘာဝ ပိုးသတ်ဆေးတစ်မျိုးကို ညနေပိုင်းများတွင် ပက်ဖျန်းပေးရမည်။ သို့သော် ရွက်နု ထွက်ချိန်များတွင် မဖျန်းရပါ။ လိုအပ်ပါက စိုက်ပြီးတစ်လသားတွင် ကွန်ပေါင်း ဓါတ်မြေသြဇာ အနည်းငယ်ကျွေးပေးနိုင်ပါသည်။
(၁၃) မြေခံ မြေဆီ မြေသြဇာများကို ပေါင်းပင်များ လုယူစားခြင်းမှ ကာကွယ်ရန် ပေါင်းကို အမြစ်ပါအောင်နှုတ်ရန် ပေါင်းရှင်းလုပ်သားများကို အပင်အရေအတွက်ဖြင့် ပုတ်ပြတ် တာဝန်ပေးထားရမည်။ ပေါက်ပြား၊ ကြားထွန်တိုက်ခြင်း ပြုလုပ်ပါက အမြစ်များကို ထိခိုက်နိုင်ပါသည်။ မြေဖုံးပလပ်စတစ်စသုံးခြင်း၊ မြေဆီထိန်းပဲစိုက်ခြင်း၊ မြက်ဖြတ် စက်ဖြင့် ကြားပေါင်းရှင်းနိုင်ပါသည်။
(၁၄) ပြောင်းရွေ့စိုက်ပျိုးပြီး ၆ လမှ ၈လ အကြာတွင် အသီးများစတင်ရရှိပြီး အခွံများခြောက်မှ ဆွတ်ခူးရမည်။ ထပ်မံ၍နေလှန်းကာ သိုလှောင်သိမ်းဆည်းပြီး ရောင်းလိုသည့်အခါမှ ချွေလှေ့စက်ဖြင့် ကြိတ်ခွဲရမည်။ ပထမနှစ်တွင် တစ်ပင်မှ ၁ -၂ ကီလို နောင်နှစ်များတွင် ၃ - ၅ ကီလိုထိ ရရှိနိုင်ပါသည်။ ရင့်သော အရွက်ခြောက်များကို အပင်မထိခိုက်အောင် ခူးရမည်။
(၁၅) စားသောက်ကုန်နှင့် ဆေးဝါးကုန်ကြမ်းဖြစ်သဖြင့် ၀ယ်ယူသူများ ဓါတ်ခွဲစမ်း သပ်ခြင်း ကို ခံနိုင်သည်အထိ ဓါတုဓါတ်ကြွင်း မရှိအောင်(သို့) အနည်းဆုံးဖြစ်အောင် သွင်းအားစုများကို စိစစ်သုံးစွဲရန် လိုအပ်ပါသည်။

(မှတ်ချက် ။ ။ တတိယအကြိမ်ပြန်လည်
မွမ်းမံရေးသားထားပါသည်။)
(ဦး နေ၀င်း၊ ၁၉.၅.၂၀၁၅)
Comments
Post a Comment