ပျိုးပင်များ ဈေးနှုန်းနှင့် ၀န်ဆောင်မှု
မိတ်ဟောင်းမိတ်သစ်များ အားလုံးမင်္ဂလာပါ။ သစ်မွှေးစိုက်ရာသီသည်း မိုးအမှီမှ မိုးတွင်းကာလဖြစ်သဖြင့် မိမိတို့၏ စိုက်မည့် အပင်များပြားမှုပေါ်မူတည်၍ ဧပရယ်လ၊ မေလမှ စတင်၍ မြေသြဇာ ပြုလုပ်ခြင်း၊ ကျင်းတူးခြင်း၊ မြေနှပ်ခြင်းတို့ကို စောစွာပြုလုပ်ထားသင့်သည်။
သစ်မွှေးမျိုးစေ့သည် နှစ်တစ်နှစ်၏ ဇွန်လပိုင်းတွင်သာ ရနိုင်သဖြင့် ပျိုးပင်ပေါက်များဝယ်ယူရာတွင် ကိုယ်ဝယ်ယူမည့် အချိန်ကာလပေါ် တွက်ချက်၍ ပျိုးပင်သက်တမ်းကို တွက်ချက်နိုင်သည်။ ပုံမှန်အားဖြင့် ပျိုးပင်သည် ၁နှစ်လျှင် ပျမ်းမျှ ၃ပေ ရှိသည်။ မျိုးတူသော်လည်း စိုက်ပျိုးပုံတူသော် လည်း သူ့ဗီဇပါလာသည့်ပေါ်မူတည်၍ ၁နှစ်သားပင်ဖြစ်သော်လည်း ၁ပေမှ ၄ပေကျော် အထိ အရွယ်မျိုးစုံဖြစ်နိုင်သည်။ ထို့ကြောင့် ပျိုးပင်ရောင်းသူများသည် အများအားဖြင့် ပေအလိုက် ပေါ်မူတည်၍ ရောင်းချကြသည်။ တချို့မှာ ပျိုးအိတ်၏အမြင့်ပါထည့်တိုင်းသည်များကို ဂရုပြုပါ။ ကျနော်တို့ဆီမှပျိုးပင်များကို ပျိုးအိတ်မြေကြီးအပေါ်ပိုင်း မှစ၍သာ တိုင်းတာပါသည်။
ယခုနှစ် ပျိုးခြံအားလုံး၏ ၈၀-၉၀% သည် ယခုအချိန် ဧပရယ်လကုန် မေလဆန်းတွင် ၁ပေခွဲဆိုဒ် အမြင့်ဆုံသာ ရှိကြပါသည်။ ကျန်သော အနည်းငယ် ပျိုးခြံများသာ ၃ပေဆိုဒ် ၄ပေဆိုဒ်များ ရှိကြပါသည်။ ကျနော်၏ စိမ်းလန်းသစ်မွှေးမှ ပျိုးပင်များသည် ယခုအချိန်တွင်ပင် ၃ပေခွဲ ၄ပေဆိုဒ်များ ရှိနေပါပြီ။ ဟော်မုန်းဆေးများ၊ ဓာတုဆေးဝါးများ၊ အဆိပ်မှိုသတ်ဆေး၊ ပိုးသတ်ဆေးများ လုံးဝ သုံးစွဲထားခြင်းမရှိဘဲ ကျနော်၏ သြဂဲနစ်နည်းပညာများကို အခြေခံ စိုက်ပျိုးထားခြင်းကြောင့် ယခု ကဲ့သို့ သန်စွမ်းကျန်းမာသော အပင်များကို ရရှိခြင်းပင်ဖြစ်သည်။
တကယ်တမ်း အဓိက အပင်၏ကြံ့ခိုင်မှုမှာ အပင်အရပ်မြင့်ခြင်းသာမဟုတ်ဘဲ လုံးပါတ်တုတ်ခြင်းသည်လည်း အရေးပါသည်။ သို့သော် အသက်ကြီးပုများနှင့်တော့ မရောထွေးစေလိုပါ။ ထို့ကြောင့် ပျိုးပင်များ ၀ယ်ယူရာတွင် အပင်မြင့်၍ လုံးပါတ်တုတ် သောအပင်များကို ရွေးချယ်ဝယ်ယူစေလိုပါသည်။ ပျိုးပင်ဈေးနှုန်းများမှာ-
အပင် တန်ဖိုး ၁၀သိန်းအောက် ၀ယ်ယူမည့်သူများအတွက် ဈေးနှုန်းမှာ အောက်ပါအတိုင်းဖြစ်သည်
၁ပေမှ ၁ပေခွဲကြား ၆၀၀ ကျပ်
၁ပေခွဲမှ ၂ပေကြား ၉၀၀ ကျပ်
၂ပေမှ ၂ပေခွဲကြား ၁၂၀၀ ကျပ်
၂ပေခွဲမှ ၃ပေကြား ၁၅၀၀ ကျပ်
၃ပေမှ ၃ပေခွဲကြား ၁၈၀၀ ကျပ်
၃ပေခွဲမှ ၄ပေကြား ၂၁၀၀ ကျပ်
၎ပေအထက် ၂၄၀၀ ကျပ် (၄ပေမှ ၄ပေအကျော်)

အပင် တန်ဖိုး ၁၀သိန်းအထက် ၀ယ်ယူမည့်သူများအတွက် ဈေးနှုန်းမှာ အောက်ပါအတိုင်းဖြစ်သည်
၁ပေမှ ၁ပေခွဲကြား ၅၀၀ ကျပ်
၁ပေခွဲမှ ၂ပေကြား ၇၀၀ ကျပ်
၂ပေမှ ၂ပေခွဲကြား ၁၀၀၀ ကျပ်
၂ပေခွဲမှ ၃ပေကြား ၁၂၀၀ ကျပ်
၃ပေမှ ၃ပေခွဲကြား ၁၅၀၀ ကျပ်
၃ပေခွဲမှ ၄ပေကြား ၁၇၀၀ ကျပ်
၎ပေအထက် ၂၀၀၀ ကျပ် (၄ပေမှ ၄ပေအကျော်)

အထက်ပါ ဈေးနှုန်းများသည် ခြံတွင်လာရောက်ယူသော ဈေးနှုန်းဖြစ်သည်။ ခြံယူဈေးဖြစ်သည်။ အကယ်၍ မြန်မာတပြည်လုံး ကားလမ်းပေါက်သည့် နေရာမှန်သမျှကို သယ်ပို့ပေးသော ၀န်ဆောင်မှုကို ကျနော်များမှ ဆောင်ရွက်ပေးပြီး ၀ယ်ယူမည့်သူ ဘက်မှ ကားခကို ကျခံပေးရမှာဖြစ်ပါတယ်။ အပင် ထောင်ချီဝယ်ယူမှုများအတွက် အသေးစိတ်အချက်အလက်များကို ကျနော့်ထံ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဧက ဆယ်ဂဏန်း ရာဂဏန်းစိုက်ပျိုးမည့်သူများအတွက် အထူးအစီ အစဉ်များလဲ ရှိပါတယ်။ ဒါကိုလဲ ကျနော့် Group ရဲ့ Pin Post မှာ ဖော်ပြပေးထားပါတယ်။
ပျိုးပင်များကို နယ်မှ မှာယူလိုသူများအတွက် ကားဂိတ်အရောက် ပျိုးသေတ္တာများဖြင့် သယ်ပို့ပေးနိုင်ပါသည်။ သို့သော် ခရီးသည်တင်ယာဉ်များဖြင့် သယ်ဆောင်ရာတွင် စရိတ်သက်သာသော်လည်း အထိအခိုက်အနာအဆာဖြစ်ပါက ပျိုးခြံနှင့် မသက်ဆိုင်ပါ။ တတ်နိုင်သရွေ့ အနာအဆာ နည်းနိုင်သမျှနည်းစေရန် စိတ်ချရသော ယဉ်လိုင်းများနှင့် ချိတ်ဆက်တော့ ပို့ဆောင်ပေးပါမည်။
အပင်စိုက်ပျိုးရာတွင် အခက်အခဲရှိသူများအတွက်ကိုလည်း နယ်အရောက် လိုက်၍ နမူနာစိုက်ပျိုးပေးနိုင်ပါသည်။ သို့သော် ခရီးစရိတ်၊ စားစရိတ်ကို နယ်အဝေးပေါ်မူတည်၍ စိုက်ပျိုးသူဘက်မှ ကျခံပေးရပါမည်။ အကယ်၍ အပင်၃ထောင်အထက် ၀ယ်ယူသူများကို ၀န်ဆောင်မှု(Free) ပေးနိုင်ပါသည်။
ပျိုးပင်များမစိုက်ပျိုးမီ မိုးလေ၀သကြေငြာချက်ပေါ်မူတည်၍ နှစ်တစ်နှစ်၏ မုတ်သုန်မိုး စမ၀င်ခင်တစ်ပတ်အလို အပင်မြေပေါ်စစိုက်နိုင်ပါသည်။
စိုက်ပျိုးမည့် အပင်အနဲအများပေါ်မူတည်၍ ကြိုတင်ပြင်ဆင်သင့်သည်များကို ဆောင်ရွက်ထားသင့်ပါသည်။ နမူနာအားဖြင့် အပင်ထောင်ချီစိုက်မည့်သူများအတွက် ဧပရယ်လ်လလောက်မှစ၍ မြေရှင်းခြင်း၊ ပဏ္ဍပ်ရိုက်ခြင်းတို့ပြုလုပ်၍ ကျင်းတူးခြင်း၊ မြေစာထည့်ခြင်းနှပ်ခြင်းတို့ကိုမူ မေလအကုန်မှန်း၍ အပြီးအစီးကြိုတင်ပြုလုပ်ထားသင့်ပါသည်။

ကျင်းတူးရာတွင် ပုံမှန်အားဖြင့် ၁ပေခွဲပတ်လည်၊ အနက်၁ပေခွဲ ဇလားပုံတူးရသော်လည်း စိုက်မည့်မြေမှာ မြေသြဇာညံ့ဖျင်းပါက လိုအပ်လျှင် ၂ပခွဲပတ်လည် အနက်၃ပေထိအောင် တူးရတတ်သည်။ အမှန်တကယ်မှာ ကျင်းသည် အပင်ထည့်ရန်မဟုတ်ဘဲ အပင်၏ အမြစ်အစာစားနိုင်ရန် ရေသောက်မြစ်ထွက်နိုင်ရန် မြေစာထည့်၊ ဆွပေးခြင်းဖြစ်သည်။ ပျိုးအိတ်များကို ဓားဖြင့် ခွဲယူရာတွင် အမြစ်မနာစေရန် သေချာခွဲယူ ကိုင်ဆောင်သင့်သည်။ မြေလုံးမကွဲစေရန်အတွက်လည်း သေချာဂရုစိုက်ရမည်။ ကျင်းအပေါ် မြေပြင်ညီပေါ်တွင် ပျိုးအိတ်ကိုတင်ပြီး ဘေးမှ မြေဆီများပြန်ဖုံးကာ ကုန်းပြေပြေသဏ္ဍာန် မြေဖို့ပေးရမည်။ မိုးရာသီတွင် ရေများ အပင်ခြေတ၀ိုက်မစိမ့်ဝင်စေရန် ရည်ရွယ်သည်။ သို့သော် နွေရာသီတွင် ရေထိန်းရန်လိုအပ်သဖြင့် အပင်ခြေ တစက်မြိတ်တ၀ိုက် ရေနေစေရန် ရေမြောင်းဖော်ပေးခြင်း၊ ရေထိန်းရန် ကောက်ရိုး၊ ၀ါးရွက်၊ သစ်ရွက်များဖုံးပေးခြင်းတို့ကို ရာသီအလိုက်လုပ်ဆောင်ပေးသင့်သည်။ အသေးစိတ်အချက်အလက်များကို သစ်မွှေးပင်စိုက်ပျိုးခြင်း ခေါင်းစဉ်၌ ပြန်လည် ဖတ်ရှုပါ။
နယ်ဝေးမှ အပင်မှာသူများအတွက် အဓိကအရေးကြီးသောအချက်တခုမှာ အပင်များကို ချက်ချင်းမစိုက်မိစေခြင်းဖြစ်သည်။ ခရီးဝေးသယ်ဆောင်ရသည့်အတွက် အပင်များတွင် Transplantation ဟူသော stress ရနိုင်သဖြင့် ရောက်ပြီးပြီးချင်း မစိုက် ဘဲ ၂ပတ်အကြာမှသာ မြေချစိုက်သင့်ပါသည်။ ထို့ကြောင့် နယ်မှ မှာယူသူများမှာ မေလအလယ်လောက်တွင် မှာယူသင့်ပေ သည်။ ယခုဖော်ပြပါ အကြောင်းအရာများကို မရှင်းလင်းပါက မေးလ်ပို့၍သော်၎င်း၊ ဖုန်းဆက်၍သော်၎င်း ပွင့်ပွင့်လင်းလင်း ဆွေးနွေး အကြံတောင်းယူနိုင်ပါသည်။
နောက်ပိုင်း နည်းပညာ (up-to-date) များကို Facebook မှ သစ်မွှေးစိတ်ပါဝင်စားသူများအဖွဲ့တွင် ၀င်ရောက်၍ Download ယူနိုင်ပါသည်။ ထိုအဖွဲ့တွင် member ၀င်၍ လူအများဆွေးနွေးထားသည်များကို လေ့လာအကြံပြု ဆွေးနွေးနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

ခင်မင်တဲ့
ကိုဝေအောင်
စိမ်းလန်းသစ်မွှေးရောင်းဝယ်ရေး

နာနိုနည်းပညာသုံး စိုက်ပျိုးရေး (၁+၂)
နာနိုနည်းပညာသုံး စိုက်ပျိုးရေး (၁)
စကာချီး။ ။ စာရေးသူသည် ပညာရှင်တယောက် မဟုတ်သော်ငြား မိမိလေ့လာမိသလောက်ကိုသာ ခြုံငုံသုံးသပ်ဖော်ပြခြင်းဖြစ်၍ ပညာရပ်ဆိုင်ရာ အမှားအယွင်းများ ပါရှိပါက ရှေးဦးစွာ တောင်းပန်အပ်ပါသည်။ သက်ဆိုင်ရာ ပညာရှင် အသီးသီးတို့မှာ အမှားများကို ထောက်ပြပြင်ဆင်ပေးမည်ဆိုပါက အထူးပင် ကျေးဇူးတင်ရှိပါတယ်။
နာနိုနည်းပညာ သည် ယခု ၂၁ရာစုတွင် ရေပန်းစားနေသော အသုံးအနှုန်းတခုဖြစ်သည်။ နာနိုအယူအဆကို စတင်မိတ်ဆက်ပေးသူမှာ ရူပဗေဒနိုဗယ်ဆု ရခဲ့သော Richard Feynman ဖြစ်ပြီး ၁၉၅၉ တွင် American Physical Society ၌ သူ၏အယူအဆကို ထုတ်ဖော်ပြောကြားခဲ့သည်။ အကယ်၍သာ အလွန်သေးငယ်သော အရွယ်အစားများကို ဖန်တီးယူနိုင်ပါက အဘိဓာန်စာအုပ်ကို အပ်ခေါင်းထိပ်နေရာ၌ပင် သိမ်းနိုင်မည်ဟူ၍ ဖြစ်သည်။ သို့သော် လက်တွေ့ Nano-particles ကိုမူ ၁၉၈၅ တွင်မှ အမေရိကန်၊ တက္ကဆက်ပြည်နယ်ရှိ ရိုက်စ် တက္ကသိုလ်တွင် Richard E. Smalley ဦးဆောင်သည့် ဓာတုပညာရှင်များမှ ကာဗွန် အက်တမ် ၆၀ ပါဝင်သော ဘောလုံးပုံ မော်လီကျူး Bucky ball သို့မဟုတ် Fullerenes ကို တီထွင်နိုင်ခဲ့သည်။
တဖန် ၁၉၉၁-၉၃ တွင် ဂျပန်နိုင်ငံမှ ရူပဗေဒပညာရှင် Sumio Iijima နှင့် အဖွဲ့မှ ကာဗွန် နာနို ပိုက်ငယ် ကို တီထွင်ခဲ့သည်။
ထိုမှတဆင့် ယနေ့ခေတ် ၂၁ရာစု တွင်မှ နာနို နည်းပညာများကို အသုံးချ၍ စစ်ရေး၊ စက်မှုကဏ္ဍ၊ ဇီဝနည်းပညာ၊ ကျန်းမာရေး၊ ဆိုင်ရာကိစ္စရပ်များတွင်း အသုံးပြုရန် တီထွင်ကြံဆ နည်းလမ်းရှာလာကြသည်။ ဥပမာအားဖြင့် ကင်ဆာကဲ့သို့ ကိုယ်တွင်ဖြစ်ပွားသည့်ရောဂါများကို ခွဲစိတ်စရာမလိုဘဲ နာနိုရိုဘော့များဖြင့် ဖြတ်တောက်နိုင်ခြင်း၊ ရေနံစသော စွန့်ပစ်ဆီများ ပင်လယ်ပြင်တွင် ယိုစိမ့်မှုများအတွက် နာနိုလုပ်သား စက်ရုပ်များက ပတ်ဝန်းကျင်အတွက် အန္တရယ်နည်းစေသည်အထိ ပြုပြင်ပေးနိုင်ခြင်း၊ နာနိုနည်းပညာကို အသုံးချ၍ ကွန်ပျုတာ micro chip များတွင် နာနိုနည်းပညာအသုံးချ၍ အရွယ်အစား ပိုမိုသေးငယ်လာစေခြင်း၊ စသော အသုံးချမှုများအတွက် သုတေသန ပြုလုပ်ဆဲ အဆင့်သာရှိနေသေးသည်။ တချို့လဲ ဖန်တီးထုတ်လုပ်နေသော်ငြား တကမ္ဘာလုံးအတိုင်းအတာ အသုံးပြုမှုကား မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် နည်းပညာ စတင်မွေးဖွားသည်မှာ ဆယ်စုနှစ်အနည်းငယ်သာ ရှိသေးသည့်အတွက် ဖြစ်သည်။
ဖော်ပြပါ အသုံးချမှုနည်းပညာများကား အနာဂတ်တွင် ဖြစ်နိုင်မည် မှန်သော်လည်း လက်ရှိအနေအထားအရ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေခြင်းပြောဖို့ထက် အလွန်တိုးတက်သော နိုင်ငံများတွင်ပင် စမ်းသပ်ဆဲ အနေအထားပင် ရှိနေသေးသည်။
ဆယ်လီစိတ်စနစ်တိုင်းတာမှုတွင် မီတာဖြင့်တိုင်းတာပြီး ၁မီတာ၏ အပုံတထောင်ပုံ တပုံကို ၁ မီလီမီတာဖြင့် ဖော်ပြ၍ ၁မီတာ၏ ၁ သန်းပုံ ၁ပုံကို ၁ မိုက်ခရွန် ဖြင့် ဖော်ပြပြီး ၁မီတာ၏ သန်းတထောင်ပုံ တပုံကို ၁ နာနိုမီတာဖြင့် ဖော်ပြပါတယ်။ ၁ - ၁၀၀ နာနိုမီတာ ရှိသော နာနိုအရွယ် ပစ္စည်းများကို လေ့လာ၍ သုတေသနပြုသော ပညာရပ်ကို Nano-science ဟု ခေါ်တွင်ပြီး ထိုပညာရပ်ကို လူမှုနယ်ပယ်အတွင်း အသုံးချ၍ လေ့လာသော နည်းပညာကို Nanotechnology ဟု ခေါ်သည်။
ယခုလက်ရှိ လူသုံးပစ္စည်းများတွင် အသုံးပြုထားသော နာနို နည်းပညာမှာ Nano Silver Particles နည်းပညာဖြစ်သည်။ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ လေအေးပေးစက် စသည်တို့တွင် နာနိုအရွယ် ငွေမှုန်နည်းပညာ ထည့်သွင်းထားခြင်းဖြစ်ပြီး ထိုငွေမှုန်များက ဘက်တီးရီးယားများ ကာကွယ်တိုက်ဖျက်ပေးသည်ဟု ပညာရှင်များက ဆိုသည်။ ထို့ကြောင့် အသီးအနှံ သားငါးများကို ပုံမှန်ထက် တာရှည်အထားခံသော ရေခဲသေတ္တာများ၊ အညစ်အကြေးများ ပိုမိုစင်ကြယ်စေပြီး လျှော်ပြီး ရက်သတ္တပတ်ကြာသည့်အထိ အနံ့အသက်ကင်းစင်စေသော အ၀တ်အထည်များ၊ အခန်းအတွင်း ပိုးမွှားများကင်းစင်စေသော အကျိုးရလဒ်များ ရရှိစေသည် ဟု ဆိုပါသည်။
တဖက်မှလည်း ထိုငွေမှုန်များက လူ၏ အရေပြားအတွင်း ၀င်ရောက်မိရာမှ Argyria ဆိုသည့် အရေပြားရောဂါဖြစ်စေတတ်ခြင်း၊ အသည်း၊ ဦးနှောက် စသောအစိတ်အပိုင်းတို့တွင် ရေရှည် စုမိလာရာမှ ကိုယ်တွင်းအဆိပ်သင့်ခြင်း၊ စသည့်ဆိုးကျိုးများလည်း ရှိလာသည်ကို သိရှိရသည်။
စိုက်ပျိုးရေးတွင် ဤနာနိုနည်းပညာကို အသုံးချနေမှုကို မြန်မာနိုင်ငံတွင် လက်ရှိမတွေ့မိပါ။ ကြော်ငြာနေသော ဆေးပစ္စည်းများစွာတော့ သတိထားမိပါသည်။ ထိုင်းနိုင်ငံ၊ အိန္ဒိယကဲ့သို့ နိုင်ငံများမှ တင်သွင်းနေသော ဆေးများဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင်လည်း နာနိုစိုက်ပျိုးရေးဆေးများ ထုတ်လုပ်နေသော ကုမ္ပဏီတိုင်းသည် ထိုနာနိုနည်းပညာကို အစစ်အမှန်ထုတ်လုပ်နေပါသည်ဟု အတပ်ပြောရန် အင်မတန် စဉ်းစားရမည့် အချက်ဖြစ်ပါသည်။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော နာနိုနည်းပညာအကြောင်းကို လေ့လာမိသလောက် ၂၀၁၃ ခုနှစ်တွင်မှ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးသုတေသန အဖွဲ့ဖြစ်တဲ့ Institute for agriculture and trade policy IATP အဖွဲ့ထုတ်ပြန်သည့် ကြေငြာစာတမ်းတစောင်အရ စိုက်ပျိုးရေးတွင် အသုံးပြုသော နာနိုနည်းပညာအကြောင်း အနည်းငယ်လေ့လာမိပါသည်။
လက်ရှိအသုံးပြုနေသော ပိုးသတ်ဆေးများတွင် nano silver particles များ ထည့်ပေးခြင်းဖြင့် ပို၍ အစွမ်းထက်လာပြီး အသုံးပြုမှုပမာဏကို လျှော့ချလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် Silicon ဓာတ်ကို နာနိုဆိုဒ်အရွယ် မြေထဲ ထည့်ပေးခြင်းဖြင့် အပင်အတွက်ရေဓာတ်ထိန်းသိမ်းနိုင်မှု ပိုများလာစေခြင်း၊ Nano metal oxide များ ထည့်ပေးခြင်းဖြင့် မြေအောင်ဖျက်ပိုးများကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးထားပါသည်။ ထို့ပြင် ပုံမှန် ဓာတ်မြေသြဇာများမှာ အနည်းဆုံး ၂ မိုက်ခရွန် အရွယ်အထိ မှုန့်ညက်အောင်သာ ပြုလုပ်နိုင်ပြီး နာနိုမြေသြဇာများမှာ ၁-၁၀၀ နာနိုအရွယ်အစားဖြစ်သည့်အတွက် အဆ ရာဂဏန်းမှ ထောင်ချီ ကွာဟနိုင်သည်။ အရွယ်အစားသေးသည်နှင့်အမျှ မျက်နှာပြင်- ထုထည်အချိုးမှာ များလာပါမည်။ ထို့အတွက် ထိတွေ့မှု ပမာဏများလာပြီး ဓာတုအကြွင်းအကျန်များလည်း မရှိတော့သည့်အပြင် အပင်အတွက်လဲ လျင်မြန်စွာဖြင့် အကျိုးပြုသက်ရောက်စေမည်ဖြစ်သည်။

သို့သော်လဲ ၎င်းတို့ကိုယ်၌ပင် ငြင်းခုံစရာများဖြစ်လာသည်။ ထို ပမာဏသေးငယ်ခြင်းက အကျိုးသက်ရောက်မှု ပိုများပြီး ပိုမိုမြန်ဆန်နိုင်သော်လည်း ထိတွေ့သည့် မျက်နှာပြင် ဧရိယာများလာပြီး ထိတွေ့သည့် အရာများမှာ မြေတွင်းအကျိုးပြု အဏုဇီဝပိုးများ သက်ရှိများကို ထိတွေ့မှာဖြစ်လို့ ၎င်းသက်ရှိများအပေါ် ဓာတုသက်ရောက်မှုများမှာ ပုံမှန်ထက်ပိုမိုပေလိမ့်မည်။ ထို့ပြင် ရည်ရှည်မှာ ပုံမှန်ထက်ပို၍ မြေတွင်အဏုဇီဝများသေဆုံးမှု ပိုလာနိုင်ပြီး မြေဆီလွှာ ပျက်စီးစေဖို့ အခွင့်အလမ်းလည်းရှိကြောင်း သိရသည်။ ၎င်းတို့ စမ်းသပ်ချက်များဖော်ပြချက်အရပင် Eco-friendly မဖြစ်သည့်အပြင် ပုံမှန်ထက် ဆိုးရွာနိုင်ချေရှိကာ စားသုံးသီးနှံများအတွင်း Nano metal များ ပါဝင်လာနိုင်မှု အဆိပ်သင့်နိုင်မှု အခြေအနေများ ရှိနေသည်ကို လေ့လာတွေ့ရှိရသောကြောင့် ဆက်လက်သုတေသနပြုလုပ်စရာများစွာရှိနေသေးပါသည်။ သုတေသနအတွက် ကုန်ကျစရိတ်မှာလည်း များစွာကုန်ကျနေပြီဖြစ်၍ ပြည်သူများအနေနဲ့ ဆက်လက်မလုပ်ရန်လည်း တွန်းအားပေးလျက်ရှိပါသည်။
ထိုသို့ ဖွံ့ဖြိုးပြီးနိုင်ငံအနေဖြင့်ပင် စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သတ်၍ နာနိုနည်းပညာကို သုတေသနပြုဆဲ ငြင်းခုံဆဲကောင်းတုန်းဖြစ်သည်က တကြောင်း၊ နာနိုနည်းပညာကိုယ်၌ပင် ပေါ်ပေါက်လာသည်မှာ ဆယ်ကျော်သက်သာရှိသေးသည်က တကြောင်း၊ ရှေ့ပြေးနေသော ဓာတုနည်းပညာတွင်ပင် ငြင်းခုံဆဲ ကောင်းတုန်းမို့ သြဂဲနစ် နာနိုနည်းပညာဆိုသည်မှာ ဖြစ်နိုင်သော်လည်း သုတေသနပြုလုပ်ရန်ပင် အလွန်ပင်ခက်ခဲမည်ဟု ခန့်မှန်နိုင်သည်က တကြောင်း၊ အလွန်သေးငယ်၍ အလွန်ထိရောက်မှု ရှိသော်လည်း ထိတွေ့မှုမျက်နှာပြင်ဧရိယာ ပိုမိုများလာသည့်အတွက် ဆိုကျိုးများရှိပါက ပုံမှန်ထက် အဆများစွာရှိနိုင်ချေ ရှိကြောင်း၊ Nano Silver Particles ကဲ့သို့သော လက်ရှိပေါ်ထွန်းဆဲ နည်းပညာတွင်ပင် လူသားများနှင့် ထိုငွေမှုန်များ ထိတွေ့ရာမှ ဖော်ပြခဲ့သော ရောဂါ အန္တရယ်တို့ ရှိနိုင်သည်က တကြောင်း။ ။
ထိုထိုသော အကြောင်းများကြောင့် နာနို နည်းပညာနှင့် မြန်မာပြည် စိုက်ပျိုးရေးသည် လက်ရှိတွင် အလှမ်းဝေးနေသေးပြီး ပေါ်ပေါက်ဆဲ နာနိုအမည်ခံ ဆေးဝါးများသည်လည်း တကယ်နည်းပညာအစစ်အမှန်လား၊ တကယ်ထိရောက်မှုရှိသလား စသဖြင့် ဆန်းစစ်သင့်သည့် အခြေအနေများတွင် ရှိနေပါသည်။ ငါးပွက်ရာ ငါးစာချ ဆိုသည့်အတိုင်း လူများအကြား ရေပန်းစားနေသည့် နာနိုဆိုသော စကားလုံးကို နေရာအနှံ့ သုံးလာကြရာ စိုက်ပျိုးရေးနယ်ပယ်တွင်လည်း အသံများကျယ်လောင်လာသည့်အတွက် ငါးစာသာမြင်ပြီး ငါးမျှားချိတ်မမြင်မိသူများအတွက် မည်သူ့ဘက်မှ မလိုက်ဘဲ လေ့လာမိသလောက် တင်ပြလိုက်ရပါသည်ခင်ဗျား။ ။
ခင်မင်တဲ့
ကိုဝေအောင်
စိမ်းလန်းသစ်မွှေး

နာနိုနည်းပညာသုံး စိုက်ပျိုးရေး (၂)
နာနို စကားဝိုင်း
တနေ့သ၌ အကျွန်ုပ်နှင့် မိတ်ဆွေကြီး ကိုမိုးဝင်းတို့ နာနိုသုံးစိုက်ပျိုးရေး အကြောင်း ဆွေးနွေးဖြစ်ကြလေသည်။ နာနို နာနိုဖြင့် လူပြောများ ရေပန်းစားနေသည့် စကားလုံးကား စိုက်ပျိုးတောင်သူတွေ ပါးစပ်ဖျား တင်မက သောက်ပြသည့် ဆေးရောင်းသမားတို့ကြောင့် ပါးစပ်ထဲထိပါ ရောက်ကုန်လေတော့သည်။
အမှန်စင်စစ် နာနို ဟူသည်ကား အတိုင်းအတာတခုမျှသာ သန်းတထောင်ပုံ တပုံအရွယ်အစားကို nano ဟု သတ်မှတ်ထားပါသည်။ (နာနိုနည်းပညာ စိုက်ပျိုးရေး ဆိုပြီး ဆောင်းပါးတပုဒ်ရေးဖူးပါသည်။ ထိုဆောင်းပါးတွင်လည်း ပြန်လည်ဖတ်ရှုလေ့လာနိုင်ပါသည်။)
အဏုဇီဝပိုးတို့၏ အရွယ်အစားမှာ Micro တမီတာ၏ တသန်းပုံတပုံ အရွယ်အစားရှိပါသည်။ Nano သုံးဆေးများမှာ အဏုဇီဝပိုးထက်ပင် အဆရာချီ ထောင်ချီသေးငယ်ပါသည်။ သို့သော် ၎င်းတို့ကို ထိုအတိုင်းထားလျှင် ထည့်ထားသည့် အိတ်ကြားမှပင် ဖောက်ထွက်သွားနိုင်အောင် သေးငယ်သောကြောင့် Polymer Coated လုပ်ထားနိုင်ပါသည်။ ရေနှင့်ထိလျှင် ပျော်ဝင်နိုင်ပြီး အထဲမှာ နာနိုဆိုဒ် ဓာတ်များ ထွက်လာကာ အပင်အတွက် လိုအပ်သောအစာကို ပေးစွမ်းနိုင်မည်။
ကြွက်တကောင်၏ စွမ်းဆောင်ရည်ထက် ဆင်တကောင်၏ စွမ်းဆောင်ရည်သည် ကြီးမားသည် မှန်သော်လည်း မြောက်များစွာသော ကြွက်တို့ ဆင်တကောင်၏ ထုထည်လုံးဒြပ်ခန့် စုစည်း မိသည်ရှိသော် ဆင်တကောင်ထက်များစွာ သန်စွမ်းအားကြီးနိုင်သည်ကို တွေးဆကြည့်နိုင်သည်။ ထို့နည်းတူ ပုံမှန်အရွယ်အစား ဓာတ်မြေသြဇာထက် အလွန်သေးငယ်သော အရွယ်အစားဖြင့် အပင်များကို ကျွေးပါက လျင်မြန်သော သက်ရောက်မှုနှင့် ထိရောက်သော အကျိုးတို့ကို ချက်ချင်းလက်ငင်း အပင်မှ ရရှိစေမည်ဖြစ်သည်။
ဘောလုံးအကြီးတလုံးကို မျက်စိထဲ မြင်ယောင်ကြည့်ပါ။ ၎င်း၏ မျက်နှာပြင် ဧရိယာကို စိတ်မှန်းဖြင့် မှန်းဆကြည့်ပါ။ တဖန် ထိုဘောလုံးကြီး၏ အဆထောင်ချီသေးငယ်သော ဘောလုံးငယ်တခု၏ မျက်နှာပြင် ဧရိယာကို မှန်းဆကြည့်ပါ။ အဆမတန် များနိုင်ပါသည်။ သို့သော် ထိုအဆထောင်ချီသေးငယ်သော ဘောလုံးငယ်ပေါင်း တထောင်စုစုပေါင်း၏ မျက်နှာပြင်ဧရိယာကား ဘောလုံးကြီးတလုံး၏ မျက်နှာပြင်ဧရိယာထက် များစွာကြီးမားနေကြောင်း သင်္ချာနည်းအရ တွက်ဆမှန်းဆနိုင်သည်။
ထို့နည်းတူ နာနိုအရွယ် မြေသြဇာတို့သည် ပုံမှန် မြေသြဇာတို့ထက် အပင်နှင့် ထိတွေ့သည့် မျက်နှာပြင်ဧရိယာ များပြားမှုကြောင့် အချိန်တိုအတွင်း အပင်မှ စားသုံးနိုင်ကာ လေလွှင့်မှုပမာဏလည်း နဲနိုင်မည်ဖြစ်သည်။
အထက်ဖော်ပြပါ နာနိုနည်းပညာသုံး စိုက်ပျိုးရေးဆေးများသည် သီအိုရီအရသာ ဆင်ခြင်ထုတ်လုပ်နိုင်ပြီး တကယ့်လက်တွေ့တွင်ကား မေးခွန်းပေါင်းများစွာ စမ်းသပ်မှုပေါင်းများစွာ ကျန်ရှိနေသေးသည်။
အဘယ်ကြောင့်ဆိုသော် ထိုမျှသော တမီတာ၏ အပုံ သန်းတထောင်ပုံ တပုံ အရွယ်အစားရှိ အမှုန်တို့ကို မည်မျှကောင်းပါသည်ဆိုသော Polymer Coated ဖြင့် ဖုံးအုပ်ထားပါစေ ဓာတ်စိမ့်ထွက်နိုင်မှုရှိမရှိကို ပညာရှင်များပင် အတည်မပြု အာမ မခံရဲသေးပေ။ အကယ်၍သာ လက်ပေါ် နာနိုအရွယ်ဓာတ်မှုန်များ ကျရောက်ပါက လက်၏ ချွေးပေါက် တစ်ရှူးဆဲလ်ကြားမှတဆင့် ခန္ဓာကိုယ်အတွင်း အလွယ်တကူ စိမ့်ဝင် ပြန့်ဝင်နိုင်ပေသည်။
တဖန် ထိုသို့သော နာနိုအရွယ် ဓာတ်မှုန်မဆိုထားနှင့် မိုက်ကရိုအရွယ် တသန်းပုံ တပုံအရွယ် မြေသြဇာအမှုန်တို့ကို ပြုလုပ်ရန် ကြီးစွာသော ကုန်ကျစရိတ်တို့ ရှိနိုင်သောကြောင့် ထိုထိုသောဆေးတို့သည် အမှန်စင်စစ် နာနိုနည်းပညာဖြင့် ပြုလုပ်ထားခြင်းလောဟု သံသယကြီးစွာဖြစ်မိလေသည်။
အထက်ပါ ဆင်ခြင်တုံတရားနှစ်ရပ်တို့သည် တဖက်နှင့် တဖက် အပြန်အလှန် သံသယကြီးစွာဖြစ်ဟန် ရှိနေလေသောကြောင့် ထိုမျှသော အကျဉ်းနည်းဖြင့် အနုလုံ ပဋိလုံ စဉ်းစားဆင်ခြင်မှုဖြင့် နာနိုစကားဝိုင်းကား ရှေ့သို့ဆက်ရန် မည်သို့မျှ မသင့်လေကြောင်း တွေးတောဆင်ခြင်မိပါ၏။
ခင်မင်တဲ့
ကိုဝေအောင်
စိမ်းလန်းသစ်မွှေး
၇ မတ်လ ၂၀၁၅
၁း ၅၀ မနက်




Comments

Popular posts from this blog