လောကကြီးကိုပြောင်းလဲဖို့ထက် လေစီးကြောင်းကိုမြင်တတ်ပါစေ ဆရာသုတ vol.2,no.33
လောကကြီးကိုပြောင်းလဲဖို့ထက် လေစီးကြောင်းကိုမြင်တတ်ပါစေ ဆရာသုတ vol.2,no.33
ကောင်းကင်မှာ စွန်ငှက်တို့ သိမ်းငှက်တို့ပျံနေတာကို တွေ့ဖူး မှာပါ။ တောင်ပံမခတ်ဘူး၊ ဖြန့်ရုံသာ ဖြန့်ထားတယ်လို့ ထင်ရပါတယ်။ စာကလေးတို့ ကျီးကန်းတို့ ပျံတာကျတော့ အတောင်ကို တစ်ဖျပ်ဖျပ် မနား တမ်းခတ်ပါတယ်။ အချို့လူတွေ အလုပ်လုပ်တာ စွန်ငှက်၊ သိမ်းငှက်ပျံတာ နဲ့တူတယ်။ ရာထူး တာဝန်တွေ ကြီးမားပေမယ့် ဘာမှ ကြိုးကြိုးစားစား မလုပ်ရသလိုပဲ။ အစည်းအဝေးတက်လိုက်၊ ပွဲတက်လိုက်၊ လက်မှတ်ကလေး ထိုးပေးလိုက်၊ ဖုန်းကလေးဆက်လိုက်၊ ခရီးကလေးထွက်လိုက်နဲ့ ဘာမှ အချိန်မကြာလိုက်ဘဲ အောင်မြင်မှုကြီးတွေ တစ်ခုပြီးတစ်ခု ရသွားကြတယ်။ အချို့ကျတော့လည်း စာကလေးတွေ၊ ကျီးကန်းတွေပျံတဲ့အခါ အတောင် မနားတမ်းခတ်သလို နေ့မအား ညမနား အလုပ်လုပ်ပေမယ့် လတွေ နှစ်တွေ၊ ပြက္ခဒိန်တွေ၊ ဘော့စ်တွေ၊ ပတ်ဝန်းကျင်က လုပ်ဖော်ကိုင် ဖက်တွေသာ ပြောင်းသွားတယ်။ ဘာမှကြီးကြီးမားမားအောင် မြင်မှုမရဘဲ ဒုံးရင်းက ဒုံးရင်း ဖြစ်နေသလိုပဲ။ ဒါကြောင့် တိုးတက်ရာ တိုးတက်ကြောင်း အလုပ်ရွေးတဲ့ အခါနဲ့ ကြီးပွားရာ ကြီးပွားကြောင်း နည်းလမ်းရှာတဲ့အခါ စွန်ငှက်တွေ၊ သိမ်းငှက်တွေ အတောင်ပံမခတ်ဘဲ ဘယ်လိုပျံနိုင်သလဲဆိုတာ သိအောင် လေ့လာပြီးအလားတူ ကျင့်ကြံလို့ ရမယ်ဆိုရင် ကျင့်ကြံသင့်တယ် လို့ထင်ပါတယ်။
သိပ်အခက်ကြီးတော့ မဟုတ်ပါဘူး။ မြေကြီးပေါ်ကို နေထိုးတဲ့ အခါမြေကြီးက ပူလာပါတယ်။ အဲဒီအခါ မြေကြီးနဲ့ ထိစပ်နေတဲ့လေလည်း ပူလာပါတယ်။ လေပူလာရင်ပွလာတာမို့ လေအေးထက် သိပ်သည်းဆနည်း သွားပြီး အပေါ်ကိုတက်ပါတယ်။ ကမ္ဘာမြေကြီးက ရေပြင်ညီမဟုတ် ဘဲတောင်တွေချောက်တွေမြစ်ဝှမ်းတွေလွင်ပြင်တွေရှိနေပါတယ်။ အဲဒီမှာ တောင်စောင်းတစ်ဘက်ကို တိုက်ရိုက်နေထိုးပြီး အနီးအနားက ကျန်နဲ့နေရာတွေမှာ နေရောင်တိုက်ရိုက်မရဘူးဆိုရင် တိုက်ရိုက်နေထိုးနေ တဲ့ တောင်စောင်းက အပူချိန်သိသိ သာသာမြင့်လာပါတယ်။ တောင်စောင်းနဲ့ ထိစပ်နေတဲ့ လေလည်း ပတ်ဝန်းကျင်ကလေထက် သိသိသာသာအပူချိန်မြင့် လာပါတယ်။ လေပူတွေ အပေါ်ကို တက်သွားတဲ့နေရာမှာဘေး ကလေအေးဝင်လာလိုက်၊ ပူပြီး အပေါ်တက်သွားလိုက်၊နောက်ထပ်ဘေး ကလေအေး ၀င်လာလိုက်နဲ့ အပေါ်ကို တက်တဲ့လေစီးကြောင်းတွေဖြစ်ပေါ် လာပါတယ်။ အဲဒီလို တောင်စောင်းတွေမှာ နေပူပြီး ဖြစ်လာတဲ့ အပေါ်ကို တက်နေတဲ့ လေစီးကြောင်းတွေကို သိတတ်တာဟာ သိမ်းငှက် စွန်ငှက် တွေရဲ့ မွေးရာပါ အစွမ်းလို့ ဆိုပါတယ်။
ဒါကြောင့် ကမ္ဘာမြေပြင်တစ်ခုလုံး သနပ်ခါးကျောက်ပြင်ရဲ့ မျက်နှာပြင်လို ညီညာပြန့်ပြူးပြီး နေရောင်ရတာချင်း အတူတူပဲဆိုရင် စွန်ငှက် သိမ်းငှက်တွေလည်း အတောင်ဖြန့်ရုံ ဖြန့်ပြီး ၀ဲနေလို့ မရတော့ဘူး၊ အခြား ငှက်တွေလိုပဲ တစ်ဖျပ်ဖျပ် တောင်ပံခတ်ရတော့ မယ်လို့ဆိုနိုင်ပါတယ်။ အဲဒီလိုပဲ အားလုံးတစ်ပြေးညီ တရားမျှတပြီး ပြီးပြည့်စုံနေတဲ့လောက ကြီးသာ ဖြစ်မယ်ဆိုရင် ဘာမှ ကြိုးကြိုးစား စားမလုပ်ဘဲ အစည်းအဝေးတက်၊ ပွဲတက်၊ လက်မှတ်ထိုး၊ ဖုန်းဆက်၊ ခရီးထွက်လုပ်နေရုံနဲ့ အချိန်တိုအ တွင်း အောင်မြင်မှုကြီးတွေရသွား တဲ့သူတွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။ သို့သော်လည်း လောကကြီးဟာ ဘယ်တော့မှ အားလုံး တစ်ပြေးညီ တရားမျှတပြီး ပြီးပြည့်စုံမှာ မဟုတ်တဲ့အတွက် အပေါ်ကို တက်နေတဲ့ လေစီးကြောင်းတွေလို သူတကာ မမြင်နိုင်တဲ့အခွင့်အရေးတွေ ကို မြင်နိုင်သူ၊ မြင်တတ်သူ၊ အသုံးချတတ်သူ၊ ကံစွပ်သူ၊ လေစီးကြောင်း ဖန်တီးပေးမယ့် အသိုင်းအ၀ိုင်းအဆက်အသွယ်ရှိတဲ့သူတွေက မနာလိုစရာ မကျေနပ်စရာကောင်း လောက်အောင်သိသိသာသာအသာ စီးရနေမှာ ပဲဖြစ်ပါတယ်။ ဒါကိုမကျေနပ်ဘူးဆိုရင် လောကကြီးရဲ့ သဘောသဘာဝ ကိုတော့ ပြောင်းလဲဖို့ခက်လိမ့်မယ်။ အဲဒီလေစီးကြောင်းတွေကိုမြင် တတ်အောင် လေ့လာ၊ အသုံးချနိုင်ကြောင်းကြိုးစားသင်ယူပြီးလေစီးကြောင်း မရှိသေးရင်လည်းရှိလာအောင် ဖန် တီးယူနိုင်မှလူ့သက်တမ်းတစ်ခု အတွင်း မှာ ကိုယ်လိုချင်တဲ့အောင်မြင် ကြီးပွားမှုကိုရလွယ်မှာဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ တရားမျှတတဲ့လောကကြီးဖြစ်အောင် လုပ်ချင်တယ် ဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဖြစ်တော့ဖြစ်နိုင်တယ်။ ဒါပေမဲ့ ခုနက ဥပမာအတိုင်းပဲ၊ အပေါ်တက်တဲ့ လေစီးကြောင်း မရှိ ချင်ရင်တောင်စောင်းတွေ မရှိရဘူး၊ ဒီတော့ ဘူယိုဇာတွေ မြေပြုပြင် တဲ့စက်ယန္တရားကြီးတွေ အများကြီး နဲ့ ထိုးချပြီး ကမ္ဘာမြေပြင်တစ်ခုလုံး တစ်ညီတစ်ညာတည်း ဖြစ်သွား အောင်လုပ်ရမှာ။ တစ်ကမ္ဘာလုံး မမှတ်မိလောက်အောင် ရှုခင်းတွေပျက်သွားတော့မှာ။ လူ့လောကမှာလည်း ဒီအတိုင်းပဲ။ သာတူညီမျှမှု မရှိတဲ့၊မမျှတတဲ့ အခွင့်အလမ်းတွေ တက်လမ်းတွေ မရှိဖို့ဆိုတာ လူမညီဘဲလုပ်လို့ မရနိုင်ဘူး။ အားလုံး တစ်ညီတစ်ညာတည်း စိတ်တူသဘောတူ အရည်အချင်းအလိုက်၊ ကြိုးစားအားထုတ်မှု အလိုက်ပဲ တိုးတက်ခွင့်ရစေရမယ်လို့ လုပ်ဖို့ ကလည်း မလွယ်ပါဘူး။ စစချင်း ဟိုးအမြင့်ကြီးမှာ အတောင် မခတ် ဘဲ ဖြန့်ရုံသာဖြန့်ပြီး ၀ဲနေတဲ့ သိမ်း ငှက်စွန်ငှက်ကြီးတွေရဲ့ ရန်လုပ်တာ ကို အရင်ဆုံး ခံရမှာ ဖြစ်ပါတယ်။
ဘာပဲပြောပြော ငှက်အမျိုး အစားအလိုက် သူကျက်စားရာ အမြင့်မှာ သူနှစ်သက်ရာ နည်းလမ်းနဲ့ ပျံခွင့်ရှိနေတာဟာ သဘာဝနိယာမပဲ ဖြစ်ပါ တယ်။ ဒါကြောင့် နဖူးကချွေး ခြေမကျအောင် တစ်နေကုန်အလုပ်ကြမ်း လုပ်ပြီးမှ ၀မ်းဝရုံ ၀င်ငွေနဲ့ နေရသူတွေ ရှိနေသလို၊ တစ်သက်လုံးအချိန်ပြည့် မနားမနေ အလုပ်လုပ်ပေမယ့် စားဝတ်နေရေး ပြေလည်ရုံထက် ပိုပြီး မတိုးတက်နိုင်၊ ဘယ်လိုမှ မစုနိုင်မဆောင်းနိုင် သူတွေလည်း ရှိနေမှာပါပဲ။ ဒါပေမဲ့ လူဆိုတာ လက်ရှိအနေအထားမှာ တစ်သက်လုံးနေရမယ်လို့ ကန့် သတ်ချက်မရှိပါဘူး။ စာကလေးတွေ ကျီးကန်းတွေက ဘယ်လိုမှ သိမ်း ငှက် စွန်ငှက်မဖြစ်နိုင်ပေမယ့် လူက တော့ကြိုးစားမယ်၊ ဥာဏ်ကို လွှာသုံးတတ် မယ်၊ ကံလည်းအထိုက်အ လျောက်ကောင်းမယ်ဆိုရင် ဖြစ်ချင်တာအားလုံး မဟုတ်သည့်တိုင်ထိုက် သင့်တဲ့အောင်မြင်မှုကိုတော့ အချိန် တန်ရင်ရလာမှာ ဖြစ်ပါတယ်။
Comments
Post a Comment