အမှောင်တကာ့အမိုက်ဆုံး နေဇင်လတ် vol.2,no.41
အမှောင်တကာ့အမိုက်ဆုံး နေဇင်လတ် vol.2,no.41
တစ်ဦးတစ်ယောက်၏ အသိဥာဏ်ကင်းမဲ့လျှင် “အမှောင်ဖုံးပြီ” ဟုတင်စားကြ သည်။ ထိုအမှောင်ထက် ပို၍နက်နက်နဲနဲရှိကြသူများ ရှိသေး၏။ အမှောင်တကာ့  အမိုက်ဆုံးသောသူများဟု ဆိုရလိမ့်မည်။ ဗုဒ္ဓက “လောဘ၊ ဒေါသ၊ မောဟ” သည် လူတို့အားပျက်ပြားစေသော အကြောင်း ရင်းများဟု မိန့်ထားခဲ့၏။ “မောဟ” သည် အမှန်မသိခြင်းဖြစ်၍ အားလုံးထဲ တွင်မောဟဖုံးလွှမ်းခြင်းခံရပါက ဒေါသနှင့် လောဘကိုလည်း ထိန်းချုပ်နိုင် စွမ်းရှိကြမည်မဟုတ်။ အမှောင်တကာ့ထဲတွင် အမိုက်ဆုံးဟု ဥပမာပေး ခဲ့သောသူအချို့ရှိခဲ့ဖူးသည်။ ဘုရားကိုအကြိမ်ကြိမ်လုပ်ကြံခဲ့သောဒေ၀ ဒတ် နှင့် ထီးနန်းအမွေပေးခဲ့သော ဖခမည်းတော်ကိုပင် ပြန်၍လုပ်ကြံ ခဲ့သော ဒေ၀ဒတ်၏တပည့် အဇာတသတ်တို့ဖြစ်ကြသည်။ ခေတ်သစ်တွင် ဗိုလ် ချုပ်အောင်ဆန်းကို လုပ်ကြံခဲ့သည့်ဂဠုန်ဦးစောကို ဥပမာပေးနိုင်မည်ဟု ထင်သည်။
    ဓမ္မပဒတွင် အညစ်အကြေးတကာ့ အညစ်အကြေးများထဲ၌ အမှန်ကို မသိခြင်းဟူသောအ၀ိဇ္ဇာအညစ်အကြေးသည်အဆိုးဆုံးသော အညစ် အကြေးဖြစ်ပြီး၊ အမှောင်တကာ့တွင် အမိုက်ဆုံးသောအညစ်အကြေးဖြစ် သည်ဟုဆိုထားသည်။
    "A worse taint than these is ignorance, the worse of all taints. Destroy this one taint and become taintless."
    တစ်ဦးချင်းစီတို့၏ မှန်ကန်သောအယူအဆ၊ ပညာအလင်းများ ဖြစ် ကြ ပါမှ၊ တစ်ဦးချင်းစီတို့၏ ကိုယ်ကျင့်သိက္ခာကောင်းမွန်ကြပါမှထို တစ်ဦးချင်း စီ တို့၏အစုအပေါင်းဖြစ်သောလူ့အဖွဲ့အစည်းအနေဖြင့် တစ်စုံတစ်ရာ တိုးတက် ဖွံ့ဖြိုးလာမည်ဖြစ်သည်။ ထိုသို့လူ့အဖွဲ့အစည်း အားကောင်း မောင်းသန်ဖြစ်ပါ မှ ထိုနိုင်ငံထိုလူမျိုးတို့အနေဖြင့်  နိုင်ငံတကာအလယ်တွင် သင့်တင့်လျောက် ပတ်စွာရှိမည် ဖြစ်ချေသည်။
    မြတ်ဗုဒ္ဓသည် အဆုံးစွန်အထိဖြစ်သော နိဗ္ဗာန်ကိုသွားရာ လမ်းကြောင်း အား ညွှန်ပြထားရုံမဟုတ်။ တစ်ဦးချင်းအတွက် နေ့စဉ်ဘ၀တည်ဆောက်မှု၊ ထိန်းသိမ်းမှု၊ မှန်ကန်သော တိုးတက်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက်လည်း သင် ကြားပြသခဲ့ပါသည်။  အချို့ကိစ္စရပ်များသည် ကြီးမားစွာပင် လုံ့လမပြုဘဲ နေ့ စဉ်ကျင့်ကြံနိုင်သောအရာဖြစ်သည်။ ထိုအရာမှာ အခြားသူများကိုမေတ္တာထား ရန်၊ မုဒိတာပွားရန်ဖြစ်သည်။ ယနေ့ရေပန်းစားနေသော Mindset ဟူသည့် စိတ်အခံကို အကောင်းဘက်သို့ ပြုပြင်ပြောင်းလဲခြင်းဖြစ်သည်။ သို့သော် လည်း ၀မ်းနည်းဖွယ်ရာကောင်းသည်မှာ အများစုသည် မေတ္တာမထားနိုင်ကြ။  မုဒိတာမပွားနိုင်ကြသည်ကို တွေ့ရ၏။ ဣဿ     မစ္ဆရိယတို့ပို၍ပင်အားကောင်း လာသည်ဟု  ယူဆရပါသည်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေး အကူးအပြောင်း ကာလတွင် ထိုအချင်းအရာ ပို၍ ပေါ်လွင်လာသည်ဟု ခံစားရပါ၏။
    “၀န်တိုခြင်းသည်  ပေးကမ်းလှူ ဒါန်းသောသူ၏ အညစ်အကြေးဖြစ်၏။ ယုတ်မာသော ကုသိုလ်တရားတို့သည် ဤဘ၀၌လည်းကောင်း၊ နောင်ဘ၀၌ လည်းကောင်း စင်စစ်အညစ်အကြေးတို့ဖြစ်ကုန်၏”
    "Niggardliness is the taint in a giver. Taints, indeed, are all evil things both in this world and the next."
    ကောင်းသောစိတ်ကိုလက်ခံခြင်း၊  မကောင်းသော အကုသိုလ်စိတ် တို့ကို လက်ခံခြင်းမှာမိမိနှင့်သာသက်ဆိုင်ပါသည်။ မည်သူကမျှ တိုက်တွန်း ၍ လက်ခံကြရသည် မဟုတ်ပါ။ ကုသိုလ်စိတ်သည် အကုသိုလ်စိတ်ထက် အင်အားသာလွန်ပါသော်လည်း၊  စိတ်၏သဘာဝမှာမကောင်းမှုတို့၌ ပျော်မွေ့ တတ်သည်ဖြစ်ရာ အများစုမှာ နေ့စဉ်အကုသိုလ် အနည်းအများ လက်ခံဖြစ်နေကြသည်ကို သတိမူမိသူရှားပါးလှပါသည်။
            x    x    x          
"He who checks rising anger as a charioteer checks a rolling chariot, him I call a true charioteer. Others only hold the reins."
    “လိမ္မာသော ရထားထိန်းသည် လျင်မြန်စွာသွားသော ရထားကို လမ်း မလွဲအောင်ကောင်းစွာ စောင့်ရှောက်သကဲ့သို့ မိမိ၌ ဖြစ်ပေါ်လာ သော အမျက်ဒေါသကို တားဆီးနိုင်သောသူကို လိမ္မာသောရထားထိန်းဟု ငါဘုရားဟောတော်မူ၏။မတားဆီးနိုင်သောသူတို့သည်ကြိုးကိုင်သာ ဖြစ်ကုန်၏”
    ပုထုဇဉ်ပဲဟု ဆင်ခြင်ပေး၍မရ၊ ကလျာဏပုထုဇဉ်နှင့် အန္ဓပုထုဇဉ် ဟူ၍ကွာခြားပါသေးသည်။ ဒေါသဟူသည်မှာ လူတိုင်း၌ရှိတတ်သော အရာ၊ ခံစားမှုဖြစ်၏။ ဒေါသကြောင့် ကောင်းခြင်းဖြစ်မှုမရှိနိုင်၊ ဒေါသကိုမထိန်း သိမ်းနိုင်၍သာ အကျိုးဆက်အဖြစ်  မကောင်းသောရလဒ်များကို သာ လက် ခံနေကြရသည်။ ဒေါသကြောင့် လူသတ်ဖြစ်၏။ ဒေါသကြောင့် စစ်ဖြစ်ကြရ၏ ။ဒေါသကြောင့် များစွာသေကြေရ၏။ ဒေါသကြောင့် လူ့ အဖွဲ့အစည်း တိုးတက်သွားသည်ဟုမမြင်မိသေး။ ဒေါသသည် ဖြစ်ဖို့ လွယ် သောအရာ သာဖြစ်၍၊ ဒေါသကိုထိန်းချုပ်နိုင်ရန်အတွက်သာ လေ့ကျင့်ကြ ရပါသည်။
    အိုင်တီ၏ကျေးဇူးဖြင့် ယနေ့မြန်မာတို့ လူမှုကွန်ယက်များကို အသုံးပြု ခွင့်ရခဲ့ကြသည်။ အသုံးများသော လူမှုကွန်ယက်အချို့ရှိကြသော်လည်း Facebook မှာ မြန်မာနိုင်ငံအတွက်  အသုံးအများဆုံး လူမှုကွန်ယက် တစ်ခုဖြစ်ပါလိမ့်မည်။ ဤဖေ့စ်ဘွတ်ကိုဖွင့်လိုက်သည်နှင့် လက်ရှိအခြေ အနေအတော်များများကိုသိနိုင်သည်။ လူတို့၏ စိတ်အခြေအနေကိုလည်း ခန့်မှန်းနိုင်သည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက်တို့၏ ဒေါသ များကို ထိန်းချုပ်နိုင်မှုများစွာနည်းပါးကြကြောင်း တွေ့ရပါလိမ့်မည်။ ထိန်းသိမ်းကြ မည့်သူများလည်းမရှိ၊ ဒေါသအဟုန်တို့မှာ လွတ်ချင်တိုင်းလွတ်၊ လွှတ်ချင်တိုင်း လွှတ်ထားကြသည်ကိုတွေ့ရသည်။ ဤဒေါသတို့ စုစည်းလာရာမှ  ကြာသော်ပေါက်ကွဲ၍ တစ်စုံတစ်ရာ ပွတ်တိုက်မှုတို့ရှိလာကြသည်နှင့် ပျက်စီး ကြမည့်အခြေအနေကိုလည်း မျှော်တွေးမိရပြန်သည်။
အမှန်တကယ်မှာ ဒေါသဟူသည်ခံစားမှု၏တစ်ခဏထွက်ပေါ်လာ သောအရာတစ်ခုမျှသာဖြစ်၏။
    "One should give up angerç renounce prideç and overcome all fetters. Suffering never befalls him who clings not to mind and body and is detached."
    “အမျက်ဒေါသကိုစွန့်ရာ၏။ မာနကိုပယ်ရ၏။ သံယောဇဉ်အနှောင် အဖွဲ့အားလုံးကို လွန်မြောက်ရာ၏။ နာမ်ရုပ်၌ ငါ၏ စိတ်၊ ငါ၏ကိုယ်ဟူ၍ မငြိ တွယ်မကြောင့်ကြသော သူထံသို့ဆင်းရဲဒုက္ခတို့သည်မလာကုန်”
    အမှန်တကယ်က ဘ၀တစ်ခုဟူသည် ဘာမှမဟုတ်။ ရေပွက် မမာမျှ သာဖြစ်သည်။တရားသဘောနှင့်ကြည့်လျှင် “ငါ-သူတစ်ပါး၊ ယောက်ျား-မိန်းမ” ဟူ၍ပင် အမှန်ရှိသည် မဟုတ်ချေ။ မြင့်ခြင်းနိမ့်ခြင်းတို့ အပေါ်မှီ၍ မာန တို့ဖြစ် ကြကုန်သည်။ ဒေါသတို့ရှိလာကြကုန်သည်။ ဒေါသဖြစ်သည့် ခဏ၌ပင် ဆင်းရဲခြင်းတို့ဖြစ်ကြပါသည်။ ထိုဒေါသတို့ကို ဖွင့်ထုတ်ကြသည့် အခါ ပျက်စီး မှုတို့ဖြစ်ကြရပြန်ပါသည်။
            x    x x          
    မြန်မာ့နိုင်ငံရေးအကူးအပြောင်းသည် လေဒဏ်မိုးဒဏ်ခံနိုင်ရည်ရှိ       လောက်သော ရင့်ကျက်မှုမျိုးကို မရနိုင်သေးသည့်အခြေအနေသာဖြစ်၏။ လျင်မြန်စွာအပြောင်းအလဲဖြစ်ခဲ့သဖြင့် ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ခြင်း အခြေအနေသို့ ရောက်လာခဲ့ပါသည်။ ပြင်ဆင်ကြလိုသူများက တစ် ဖက်၊ မပြင်ဆင်ကြလိုသူများက တစ်ဖက်တို့၏  ဟောပြောပွဲများ၊ ပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ကြသည်။ သာမန်အေးအေး ချမ်းချမ်းဖြင့် ဆိုလျှင် ဘာမှဖြစ်လာကြမည် မဟုတ်သော်လည်း၊ ဒေါသအခံဖြင့်ဆို လျှင် ကောင်းကျိုးလိုရာသို့ရောက်သည်ထက်၊ မလိုအပ်သော အခြေအနေ တစ်ရပ်သို့ ရောက်ရှိသွားနိုင်သည်ကို စိုးရိမ်ရပါသည်။ Facebook များရှိ အရေးအသားများသည် ဒေါသတို့ဖြင့် မွှမ်းထုံလျက် ရှိနေသည်ကို တွေ့ရ၏။  အသုံးအနှုန်းတို့သည် များစွာရုန့်ရင်းကြမ်းတမ်း နေသည့်အပြင်၊ မကြားသာ၊ မဖတ်သာဆဲသံ၊ ဆိုသံများကိုပင် တွေ့နေရ ပါသည်။ များစွာရင့်သီးသော၊ အခြားတစ်ဖက်၏ဒေါသကိုတစ်မုဟုတ်ချင်း ပေါက်ကွဲစေမည့်အသုံးအနှုန်းများကိုလည်း တွေ့ရပါ၏။
    အမှန်စင်စစ်က  အားလုံးသောသူများသည် ဒေါသကိုအခြေခံထား ကြသော်လည်း ကိုယ့်နိုင်ငံကိုယ့်လူမျိုး ကောင်းစားရေးကို အခြေခံထားကြပါ သည်။ အမြင်မတူ၍ကွဲပြားခြားနားကြသော်လည်း ကောင်းစေလိုသောစေ တနာများကိုတွေ့ရပါ၏။အမြင်မတူကွဲပြားခြားနားခြင်းသာ ဖြစ်၍ထိုကွဲပြားခြားနားမှုကို ဒေါသက “ရန်-ငါ” အဖြစ်ခွဲထုတ်လိုက်ခြင်း သာဖြစ်သည်။ ကောင်းခြင်း/မကောင်းခြင်း၊ ဖြစ်သင့်ခြင်း/မဖြစ်သင့်ခြင်း ကို မဝေခွဲနိုင်အောင်မောဟကဖုံးလွှမ်းပေးလိုက်သဖြင့် ဒေါသသည် ချွန်းမဲ့ သော ဆင်ကဲ့သို့ မုန်ယိုကြရခြင်း ဖြစ်ပါသည်။
    ထိန်းသိမ်းခြင်းမပြုနိုင်ဘဲ ဒေါသရှေ့ထားခဲ့သောကြောင့် ရခိုင်ဒေသ ပဋိပက္ခကြီးထွားခဲ့ရပါသည်။ ထိုဒေါသနှင့် မာန်မာနတို့ ထပ်မံစုစည်းထား ပြန် သဖြင့် မိတ်္ထီလာကိစ္စဖြစ်ခဲ့ရပြန်ပါသေးသည်။ ယခုလည်း ဒေါသတို့ကို လုံးဝ ထိန်းချုပ်ထားနိုင်သော အဆင့်သို့ မရောက်မူသေး၍ ရခိုင်ဒေသတွင် ထပ်မံ၍ မလိုလားအပ်သောအခြေအနေဖြင့် စိုးတထိတ်ထိတ်များ ဖြစ်နေကြဆဲဖြစ်ပါ သည်။
ပညာသည်အမှား/အမှန်ကိုကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်သော အရာဖြစ် သည်။ ပညာနည်းပါးသောအခါ အမှန်-အမှားတို့ကို မဝေခွဲ နိုင်တော့ချေ။  ထိုပညာနည်းပါးခြင်းကပင် မောဟဖုံးလွှမ်းခံဖြစ်စေပြီး၊ မောဟနှင့်ဒေါသတို့ကိုချွန်းလွှတ်သကဲ့သို့ဖြစ်စေပြန်ပါသည်။ ချွန်းမဲ့သော ဒေါသကထင်ရာစိုင်း ပါတော့သည်။ မလိုလားအပ်သော ပျက်စီးမှုကို ဆင့်ကာ၊ဆင့်ကာဖြစ်စေပါ၏။
    “အမှောင်” ကို မည်သူကမျှ အကောင်းဘက်က အဓိပ္ပာယ်ဖွင့်ခဲ့ကြ သည်-မဟုတ်။ ထိုအမှောင်ထဲကမှ အမှောင်ဆုံးကိုအမိုက်ဆုံးဟု ဆိုလေ့ ရှိကြသည်။ မိုက်သည်ကိုမိုက်မှန်းသိသူကတော်သေးသော်လည်း၊မိုက်ခြင်း ဆိုးခြင်းကိုပင် မိုက်သည်ဆိုးသည်ဟူ၍ မသိသောသူသည် အမှောင်ထဲက အမိုက်ဆုံးသောသူများ ဖြစ်သည်။ မြန်မာ့နိုင်ငံရေး အကူးအပြောင်းတွင် ထိုသို့သောအမှောင်ထဲကအမိုက်ဆုံးသူများအရေအတွက်များများ ပါဝင် လာပါကရာစုနှစ်တစ်ဝက်တွင်တစ်ခါမျှရခဲ့သောအခွင့်အရေးတို့အထိပါးခံ ရမည်ကို စိုးရိမ်မိရပါသည်။
နေဇင်လတ်
၁၁-၂-၂၀၁၄ (၁၂၂၆)
Comments
Popular posts from this blog