သဲကန္တရထဲမှာ ရေတွင်းတူးနိုင်တဲ့အဖွဲ့အစည်း ဆရာသုတ vol.2,no.34
အလုပ်ထဲမှာ ဖြေရှင်းမရနိုင် တဲ့ပြဿနာတွေကို ကြုံတွေ့တိုင်း ငယ်ငယ်က ကာတွန်းဂျာနယ်တစ်စောင်မှာဖတ်ခဲ့ရဖူးတဲ့ လှည်းကုန်သည် ပညာရှိ အကြောင်းကို သတိရမိပါတယ်။ သဲကန္တာရကို ဖြတ်ကျော်ပြီး ကုန်ကူးကြတဲ့ လှည်းကုန်သည်တွေ ရေပြတ်လပ်ပြီး အားလုံး သေကြရတော့မယ့်အချိန်မှာ ဘယ်လိုမှမဖြစ်နိုင်တဲ့ ကန္တာရထဲ ရေတွင်းတူးတဲ့ အလုပ်ကို လှည်းကုန်သည် ပညာရှိက အောင်မြင်စွာ လုပ်နိုင်ခဲ့ပြီး လှည်းကုန်သည်တွေ အားလုံးအသက် ချမ်းသာရာရခဲ့တဲ့ ၅၅၀ ဇာတ်တော်ထဲကတစ်ပုဒ်ဖြစ်ပါတယ်။ ကန္ဆာရထဲ ဘယ်လိုရေထွက်အောင် ရေတွင်းတူးလိုက်သလဲဆိုတော့ မြက်လို၊ မြေဇာ လို အပင်ကလေး တစ်ပင်တစ်လေပေါက်နေတဲ့နေရာကိုအရင်ရှာပါတယ်။ အဲဒီနေရာမှာ ညဘက်တစ်ညလုံး လူအင်အားနဲ့ တွင်းအနက်ကြီးတူးပါတယ်။ ပညာရှိလှည်းကုန်သည်ကို ယုံကြည်ပြီး တက်ညီလက်ညီ တူးလိုက်ကြ တာ နောက်ဆုံး ကျောက်ဖျာကြီးကို တွေ့ပါတယ်။ ကျောက်ဖျာဆိုတာ အခုခေတ် စိန်သွားတပ်ကျောက်ခွဲ ယန္တာရားကြီးတွေမရှိဘဲ လူအားနဲ့ ဘယ်လိုမှ ခွဲလို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ပညာရှိလှည်းကုန်သည်က လုပ်လက် စလုပ်ငန်းကို ဘယ်လိုမှမဖြစ် နိုင်တော့ပါဘူးဆိုပြီးစိတ်ပျက်လက်ပျက်နဲ့ လက်မလျှော့ဘူး။ ဥာဏ်ကိုလွှာသုံးပြီး ကျောက်ဖျာကို နားနဲ့ ကပ် နားထောင်တယ်။ အဲဒီတော့ အောက်မှာရေစီးနေတဲ့ အသံကြားတယ်။ ဒါဆို ကျောက်ဖျာက သိပ်အထူကြီးမဟုတ်ဘူး။ အောက်ဘက်မှာလည်း အခေါင်းပေါက်ဆိုတော့ ပေါက်ဆိန်နဲ့ ပေါက်ပြီး ခွဲလို့ရနိုင်တာပေါ့။ အဲဒီမှာ အားကောင်းမောင်းသန် လူတစ်ယောက်ကို ပေါက်ဆိန်နဲ့ ပေါက်ခိုင်းလိုက် တာကျောက်ဖျာကြီး ကွဲပြီး တကယ်ပဲ ရေတွေရခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ “လှည်းကုန်သည် ကပညာရှိရောဟုတ်ရဲ့လား။ ပညာရှိဆို ရင် ရေကို အလုံအလောက် သယ်ယူခဲ့ဖို့ စီစဉ်ရမှာပေါ့” လို့ စောဒကတက် စရာရှိပါတယ်။ ၅၅၀ ဇာတ်တော်ထဲက အတိုင်းဆိုရင် တော့ လှည်းကုန်သည် ပညာရှိက ကောင်းကင်က ကြယ်တွေကို နားလည်တယ်။ ကြယ်တွေကို ကြည့်ပြီး လှည်းတွေကို လမ်းညွှန်ရင်း ညဘက်ပင်ပန်းလို့ အိပ်ပျော်သွားချိန် မှာ လှည်းတွေက နောက်ပြန်လှည့်သွားပြီး အရင်နေ့က နေရာကို ပြန်ရောက် သွားလို့ မထင်မှတ်ဘဲ ရေပြတ်လပ်တဲ့ ပြဿနာဖြစ်ရတာလို့ ဆိုပါတယ်။ ဒီနေရာမှာ ကျန်တဲ့ လှည်းကုန်သည်တွေက “ဒီပညာရှိ ဟာဘာဖြစ်လို့ အိပ်ပျော်ရတာလဲ၊ သူအိပ်ပျော်သွားလို့ ဖြစ်ခဲ့ရတဲ့ သေရေးရှင်ရေး ပြဿနာ ကြီးကို တာဝန်ယူတဲ့အနေနဲ့ လှည်းကုန်သည် ပညာရှိအဖြစ်က နုတ်ထွက် ပြီး ပြစ်ဒဏ်ခံယူရမယ်၊ အခြားပညာရှိ နဲ့ အစားထိုးမယ်” လို့ မလုပ်ကြ ဘူး။ နောက်ပြီး “သဲကန္တာရထဲမှာ ရေတွင်းတူးလို့ရတယ်လို့ ဘယ်တုန်း ကမှ မကြားဖူးဘူး၊ ရေတွင်းတူးလို့ ရမှတော့ သဲကန္တာရလို့ ဘယ်ခေါ်ပါ့မလဲ” စသည်ဖြင့် ငြင်းချက်လည်း မထုတ်ကြဘူး။ “မသေခင် အေးအေးမနေရ ဘဲမြေတူးခိုင်းနေတယ်၊ မတူးဘူး” ဆိုတော့လည်း လူပျင်း ဆင်ခြေတွေ မပေးကြဘူး။ “ကြယ်ကြည့်တတ်တဲ့ပညာရှိက သူမတတ်တဲ့ နယ်ပယ်မှာ ၀င်ပြီး ရေတွင်း ဆရာလုပ်နေပြန်ပြီ၊ ရေတွင်းတူးဖို့ ဆိုရင် ရေတွင်းဆရာ က ပြောတာမှ လက်ခံနိုင်မယ်” ဆိုပြီးတော့လည်း အသိခေါက်ခက်အ၀င် နက်မနေဘူး။
မဖြစ်နိုင်ဘူးလို့ ယူဆရတဲ့ အလုပ်ကို ဖြစ်အောင်လုပ်ပြီး အသက်ဘေး ကနေလွတ်မြောက်အောင် ကြံဆောင်နိုင်တဲ့ လှည်းကုန်သည် ပညာရှိလို လူမျိုးပေါ်ဖို့ဆိုရင်ဘယ် လိုအခြေအနေမျိုးတွေ လိုအပ်မလဲလို့စဉ်းစားမိပါ တယ်။ အချို့ကတော့ နောက်လိုက်လုပ်တဲ့သူတွေက အရည်အချင်းမရှိမှဖြစ် လိမ့်မယ် လို့ထင်မြင်ယူဆမယ် ထင်ပါတယ်။ အကြောင်းကတော့ ဘာအရည် အချင်းမှ မရှိသူတွေမှ ခေါင်းဆောင်ကို မျက်စိမှိတ် ယုံကြည်ပြီးကန္တာရ ထဲ ရေတွင်းတူးခိုင်းလည်းတူးမှာ၊ ကျောက်ဖျာကို ပေါက်ဆိန်နဲ့ခွဲရင် ရေထွက်မယ်လို့ ပြောလည်း ယုံမှာ၊ စဉ်းစားတတ်တဲ့ နောက်လိုက်တွေ သာဆိုဒီလို ပညာရှိမျိုးကို လက်ခံမှာမဟုတ်ဘူး။ နောက်ဆုံး အသက်ဘေးကနေ အားလုံး လွတ်ခဲ့တာကတော့ ကြက်ကန်းဆန်အိုးတိုး ဆိုသလို ကံစွပ်သွားတာလို့ ယူဆတာမျိုးပါ။ ဒီအယူအဆ၊ ဒီအပြောအဆို တွေဟာအတိုင်းအတာတစ်ခု အထိ သူ့နည်းသူ့ဟန်နဲ့ မှန်ချင်လည်း မှန်ပါလိမ့်မယ်။ ဒါပေမဲ့ စဉ်းစားစရာ တစ်ခုက နောက်လိုက်တွေဟာ သူတို့ကိုယ်တိုင် အရည်အချင်းရှိလို့ သူတို့ ထက် အရည်အချင်းသာတဲ့သူ ကိုသိပြီး ပညာရှိနေရာမှာ ရွေးထား တာလည်း ဖြစ်နိုင်တယ် ဆိုတာပါ။ တစ်နည်းအားဖြင့် သေရေးရှင်ရေး ကိစ္စကနေ လွတ်မြောက်အောင် ခေါင်းဆောင်သူကို အားလုံးကနာခံပြီး သူ့ရဲ့ ခေါင်းဆောင်မှုအောက်မှာ တစ်ညီတစ်ညာတည်း ၀ိုင်းဝန်း လုပ်ဆောင် ကြတာဟာနောက်လိုက်တွေအားလုံး ဘာမှမသိနားမလည် တဲ့လူညံ့တွေမို့ နည်းနည်းပါးပါး သိတဲ့တတ်တဲ့သူကလူလည်လုပ်နေတာလို့ တစ်ထစ်ချ မယူ ဆနိုင်ပါဘူး။ အဲဒီလိုဖြစ်နိုင်သလိုထက် မြက်ပြီး အရည်အချင်းပြည့်ဝတဲ့ လူတွေကရှာမှရှားတဲ့ပညာရှိကို ခေါင်းဆောင်အနေနဲ့ ရရှိထားတယ်လို့ နားလည်တန်ဖိုးထားပြီး သူတို့ ကိုယ်တိုင်နောက်လိုက်အဖြစ် လိုလို လား လားဆောင်ရွက်နေတာလည်း ဖြစ်နိုင်ပါသေးတယ်။
အနှစ်မရှိတဲ့အပင်တွေကြား မင်းမူနေတဲ့ ကြက်ဆူလို ပထမ ခေါင်းဆောင်မျိုးဟာ ကြက်ကန်း ဆန်အိုးတိုး ဆိုသလို ကံစွပ်တဲ့အခါ တစ်ခါတစ်ရံမှပဲ ပြဿနာတွေကို ပြေလည်စေနိုင်မှာ ဖြစ်ပါတယ်။ တကယ် တန်း ပြဿနာတွေကို အမြဲတစေ ပြေလည်စေနိုင်မှာက အရည်အချင်း ရှိ နောက်လိုက်တွေ ကတင်ထားတဲ့ပညာရှိခေါင်းဆောင်က စီမံအုပ်ချုပ်တဲ့ ဒုတိယအဖွဲ့အစည်းမျိုးသာဖြစ်ပါတယ်။ ပြည်တန် ပတ္တမြားကြီးကို အလယ် ကထားပြီး အခြားကျောက်မျက်တွေနဲ့ ၀န်းရံထားတဲ့သရဖူကြီးလို အဖွဲ့ အစည်း မျိုးဖြစ်ပါတယ်။
အဖွဲ့အစည်းတစ်ခုမှာ အရည်အချင်းရှိတဲ့ နောက်လိုက်ကောင်းတွေ လူများစု စုမိပြီဆိုရင် ခေါင်းဆောင်နေရာလုပွဲတွေ နည်းပါး ရပ်စဲပြီး အေးချမ်း သွားလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ခေါင်းဆောင်နေရာ ကို မလုဘူး၊မမှန်းဘူး။ အဖွဲ့အစည်းထဲမှာ လုပ်ငန်းအသီးသီးအတွက် ဘယ်သူက ခေါင်းဆောင်ရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာကိုပဲ မျက်ခြည် မပြတ် ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသုံးသပ်တယ်။ လေ့လာသုံး သပ်ရင်းခေါင်းဆောင်နေရာမှာ မိမိ ဆောင်ရွက်လိုက်ရင် အဖွဲ့အစည်း အတွက် အကျိုးများမယ်လို့ မိမိကိုယ်တိုင်ရော အခြားအရည်အချင်းရှိ တဲ့ နောက်လိုက်ကောင်းတွေ ကရော မှန်မှန်ကန်ကန် သိမြင်လာတဲ့ အခါ ခေါင်းဆောင်နေရာကို ယူဖို့ဝန်မလေးဘူး။ခေါင်းဆောင်နေရာ ယူထားရင်း အလုပ်အမျိုးမျိုးအတွက်မိမိထက် ပိုပြီးအကျိုးဖြစ်ထွန်း အောင် လုပ်နိုင်သူပေါ်အောင် အားပေးတယ်၊ ပေါ်စေချင်တယ်။ လေ့ လာသင်ယူနိုင် တဲ့ အခွင့်အလမ်းကို ပိတ်မထားဘူး။ တက်လမ်းကို ဖွင့်ပေးတယ်။ အမြင့် တက်နိုင်တဲ့သူကို ရှာပြီး ထမ်းတင်ပေးတယ်။ ဒီလိုအဖွဲ့အစည်း ပတ်ဝန်းကျင် မှာ လှည်းကုန်သည် ပညာရှိလိုလူတွေ ကျိန်းသေနေရာရတယ်။ သူတို့ မှား ခဲ့ရင်တောင် သူတို့နေရာကိုလုချင် တဲ့သူတွေမရှိတဲ့အတွက် ၀ိုင်းနှိပ် စက် တာတွေကို မခံရဘူး။ နေရာလုချင်တဲ့သူတွေရဲ့ အနှိပ်စက်ကို မခံချင်လို့ တတ်သည့် ပညာအနေသာကြီးလို့ လုပ်နေတဲ့ ပညာရှိမျိုး တွေလည်း အဲဒီ ပတ်ဝန်းကျင်မျိုးကို ရောက်ရင်တတ်သည့် ပညာမနေသာဆိုတဲ့ ဆိုရိုး အတိုင်း အများ ကောင်းကျိုးကို အားလုံးအတွက် အားတက်သရော ၀ိုင်းဝန်း လုပ်ဆောင် လာကြမှာဖြစ်ပါတယ်။ ဆိုလိုတာက အများအကျိုးအတွက် ဆိုပြီး ကိုယ်ကျိုးလုပ်မယ့်သူတွေနည်းသွားဖို့တော့လိုပါတယ်။ ဒါမှ တကယ် အများအကျိုး လုပ်မယ့်သူတွေ နေရာရလာပြီး ကိုယ်ကျိုး လုပ်တယ်လို့ အထင်ခံရမှာစိုးလို့ ကိုယ်ကျိုးလည်းမလုပ်၊ အများအကျိုးလည်း မလုပ်တဲ့ သူတွေပါ အများအကျိုး လုပ်လာကြမှာ ဖြစ်ပါတယ်။ အဲဒီလို အဖွဲ့အစည်း မျိုးတွေ ဟာသဲကန္တာရထဲမှာ ရေတွင်းတူးလည်း ရေထွက်မှာပါပဲ
Comments
Post a Comment