ကောင်းသောစကားများကို ဆိုကြရင်းဖြင့် (နေဇင်လတ်)

မြန်မာမှုနယ်ပယ်တွင် “နှုတ် ကြောင့်သေ၊ လက်ကြောင့်ကြေ” ဟူသောအဆုံးအမရှိသည်။ မဂ္ဂင် ရှစ်ပါးတွင်မှန်ကန်သော၊ ကောင်း မြတ်သောစကားကို ဆိုစေခြင်းငှာ “သမ္မာဝါစာ” ဖြစ်ရမည်ဟု ဘုရားက ဟောထားခဲ့၏။ ရှေးရာဇ၀င်တွင် “ငါ့တူ နောင်သား” ဟူသောစကား တစ်ခွန်းကြောင့် တစ်ချိန်တွင်ပျက် စီးခဲ့ရသော ဧကရာဇ်အကြောင်း ငယ်စဉ်ကသမိုင်းတွင် သင်ကြားခဲ့ရ ဖူးသည်။

   ယနေ့ သတင်းနည်းပညာ ထွန်းကားတိုးတက်လာသောခေတ် တွင်တစ်ဦးချင်းပင်မျက်နှာချင်းဆိုင် စကားပြောရန်မလိုတော့။ပြည်တွင်း သာမကကမ္ဘာကြီး၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့ စကားစမြည်နိုင် ကြလေပြီ။ အသံကြားလိုလျှင်လည်း ရသလို၊ ရုပ်ကိုမြင်လိုလျှင်လည်း ရ သည်၊ သာမန်အားဖြင့် စကားပြော သလို စာဖြင့်ရေး၍ တစ်ဦးနှင့် တစ်ဦးပြောနိုင်ကြသလို၊ တစ်ဦးမှအများ ကိုလည်း  ပြောနိုင်ရေးနိုင်ကြသော ခေတ်ဖြစ်၏။ အထူးသဖြင့်လူတိုင်း ကိုင်ဆောင်သောလက်ကိုင်ဖုန်းများ တွင်  ကင်မရာပါဝင်လာသည် ဖြစ် ၍ဆိတ်ကွယ်ရာတို့တွင် ပြောသော စကားများကိုပင် ရုပ်+သံဖမ်းကာ လူမှုကွန်ရက်အပေါ် မိနစ်ပိုင်းအတွင်းတစ်လောကလုံးသိအောင် ဖောက်သည်ချနိုင်သည်ဖြစ်၍ဆိတ် ကွယ်ရာဟူသည်အဘယ်သို့နည်းဟူ၍ပင် မေးရတော့မလိုဖြစ်လာ သည်။

    အများရှေ့တွင်  မည်သို့ဟန် ဆောင်ကာ အတွင်းစိတ်ကို ဖုံးဖိ ထားနိုင်သည်ဆိုစေကာမူ အနည်း ရှေ့တွင်မူကား စိတ်ရင်းအမှန်ကို ထုတ်ဖော်ကိုယ်စားပြုသော စကား လုံးတို့ ထွက်ပေါ်လာတတ်စမြဲဖြစ် သည်။ဖောင်တိန်သည်လည်း အသံ ဖမ်းစက်၊ နာရီသည်လည်း အသံ ဖမ်းစက်၊ နောက်ဆုံး ကြယ်သီးပင် လျှင် အသံဖမ်းစက်ဖြစ်နေသော ခေတ်တွင်  တစ်ဦးတစ်ယောက်၏ အတွင်းစိတ်သဏ္ဍာန်သည် ရှည် ကြာစွာ ဖုံးကွယ်ထားနိုင်ခြင်းငှာ မစွမ်းတော့။ ပင်ကို စိတ်ရင်း အမှန်ကိုသာ ဖြောင့်မတ်ရန် ကြိုး စားနိုင်ကြမှသာလျှင် ဟန်ဆောင်မှု ကင်းသော၊ စိတ်ရှင်းသောဘ၀ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ အထူးသ ဖြင့်  နိုင်ငံရေးသည်  အာဏာနှင့် ဆိုင်ရာအလုပ်ဖြစ်သဖြင့် များစွာ သတိထားရန်လိုသည်။ ကိုယ်ကိုယ် တိုင်ကမှန်ကန်သည့်တိုင် ကိုယ့်မိတ် ဆွေ၊ မလိုသူ၊ လိုသူနှင့်ရည်ရွယ် ချက်ရှိသူ၊ ပညာနည်းသူတို့ကြောင့် မလိုလားအပ်သည့်  အကျိုးဆက် များကို ဖိတ်ခေါ်သလိုဖြစ်နိုင်ပါ၏။ သာမန်လူတို့အနေဖြင့်  သာမန်စ ကားသည် ဘာမှ ထူးခြားလှသည် မဟုတ်မူသော်လည်း၊ ထင်ရှားသူ၊ တာဝန်ရှိသူတို့၏ နှုတ်ထွက်စကား သည်လည်းကောင်း၊ အနီးဝန်းကျင် ရှိသူတို့၏ မဆင်ခြင်မှုသည် လည်း ကောင်း  အနာဂတ်ကိုကြီးမားစွာ အကျိုးသက်ရောက်မှုဖြစ်စေနိုင်ပါ ၏။

စကားအရာတွင် အင်္ဂါ (၁၀) ပါး ဟုဆိုသည်။

    ကောင်းကျိုးကို ပေးနိုင်သလို ဆိုးကျိုးကိုလည်းဆာင်ကြဉ်းနိုင် သည်ဖြစ်၍စကားအရာသည်လွန်စွာမှအရေးကြီးလှပါ၏။ထို့ကြောင့် စကားအရာအင်္ဂါ(၁၀)ပါးကို သတိ ထားသင့်ကြသည်။
( ၁ ) ကာလ၀ါဒီ -ပြောချိန် ပြော ခွင့်ရှိမှ ပြောဆိုခြင်း
( ၂ ) ဘူတ၀ါဒီ -ဟုတ်မှန်သော စကားကိုသာပြောဆိုခြင်း
( ၃ ) ဓမ္မ၀ါဒီ -တရားနှင့် ဆက်     စပ်သည်ကိုသာပြောဆိုခြင်း
(၄)အတ္တ၀ါဒီ-အကျိုးစီးပွား နှင့်ဆက်စပ်သည်ကိုသာပြောဆိုခြင်း
( ၅ ) ပီယ၀ါဒီ-ချစ်ဖွယ်ရာသော စကားကိုသာပြောဆိုခြင်း
( ၆ ) မိဟိတပုဗ္ဗဘာဏီ -ပြုံးရွှင် စွာသာ ပြောဆိုခြင်း
( ၇ ) မိတဘာဏီ -     မတိုမရှည် ချင့်ချိန်စွာပြောဆိုခြင်း
( ၈) အတုရိက၀ါဒီ    -အဆောတ လျင် အလျင်စလိုမပြောဆိုခြင်း
( ၉ ) ပေါရီ- မြို့ကြီးသူ၊ မြို့ကြီး သားတို့အတိုင်း ပြောဆိုခြင်း
(၁၀)၀ိသဒ၀ါဒီ- တိကျပြတ်သား၊ သန့်ရှင်းသေချာစွာပြောဆိုခြင်း

    ရှေးအခါက မြန်မာတို့သည် လူကြီးသူမတို့၏  အဆုံးအမကို တတ်နိုင်သမျှကြိုးစားလိုက်နာခဲ့ကြသည်။မိမိတို့ငယ်စဉ်ကာလအ ချိန်များအထိတိုင် ဖြစ်သည်ကို ကောင်းစွာမှတ်မိနေပါသေးသည်။
 ခေတ်ပြောင်းလာမှု၊ခတ်၏တိုးတက်လာမှုတို့ကြောင့်တဖြည်းဖြည်း ယဉ်ကျေးမှုအရောနှင့်ပွတ်တိုက်မှုများရှိလာရာမှစ၍ ကောင်းသော အစဉ်အလာများ ပွတ်စားမှုကို ခံခဲ့ ရပါ၏။ ခေတ်သည်ရပ်တံ့၍ မရ သောအရာဖြစ်ပါသည်။ ခေတ်မီ ခြင်းဆိုသည်မှာ အစဉ်အလာကို မေ့ထားရန်၊သမိုင်းတွင် ချန်ထားရန် အခြေအနေတစ်ခုမဟုတ်ပါ။ အ ကျိုးဖြစ်ထွန်းရာ၊  ကောင်းခြင်းကို အထောက်အပံ့ပေးမည့်အရာများကို ခေတ်နှင့်အတူသယ်ယူတတ်ရန် လို အပ်ပါသည်။ ယဉ်ကျေးမှုကောင်း၊ အစဉ်အလာကောင်းတို့ကို ဆက် လက်ထိန်းသိမ်းနိုင်ခြင်းဖြင့် လူမျိုးတစ်မျိုး၏လက္ခဏာ(Identity)ကိုစောင့်ရှောက်ရာလည်းဖြစ်ပါသည်။ လူမျိုးတိုင်း လူမျိုးတိုင်းတွင် ဆိုင်ရာ လက္ခဏာတို့ရှိသင့်ကြပြီ။ ထိုလက္ခဏာတို့ကို တတ်နိုင်သမျှထိန်းသိမ်း သွားသင့်သည်လည်း ဖြစ်ပါ၏။

လွတ်လပ်ခွင့်နှင့်စကားအရာ
    မြန်မာတို့တံခါးပိတ်စနစ်တွင် နှစ်ပေါင်း(၅၀)ဖြတ်သန်းခဲ့ရသည်။ များစွာပြောခွင့်ဆိုခွင့်မရှိခဲ့။မှန်သည်ကိုတင်ပြလျှင်မနှစ်သက်တတ် သောခေတ်ဖြစ်၍မပြောရဲ၊ မဆိုရဲ ဖြစ်ခဲ့ကြရာမှကြာသောအခါမပြော တတ် မဆိုတတ်သည်အထိပင်ဖြစ် ခဲ့ရပါသည်။ မပြောတတ် မဆိုတတ် သည်ထက်  “မတွေးတတ်၊ မခေါ် တတ်”ဖြစ်ရခြင်းက ပို၍ဆိုးဝါးသော အဖြစ်ဟု ယူဆပါသည်။ ၂၀၁၁-တွင် အစိုးရသစ်မှဦးဆောင်၍ နိုင်ငံ ရေးစနစ်သစ်ကို ဖော်ထုတ်ခဲ့သည်။ “ဒီမိုကရေစီ” စနစ်ဟု  ခေါ်တွင်၏။ လူတစ်ဦး၏ မွေးရာပါအခွင့်အရေး များကို ပြန်လည်ရရှိခဲ့ကြပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိခဲ့ကြသည်။ ရေးသားနိုင်ခဲ့ကြသည်။  ဝေဖန် ထောက်ပြနိုင်ခဲ့ကြသည်။ ဒီမိုကရေစီဖြစ်၍ ၀ါဒမတူသော နိုင်ငံရေး ပါတီများယှဉ်ပြိုင်ကာ ရွေးကောက် ပွဲဝင်ခဲ့ကြပြီး၊ လွှတ်တော်တွင် မတူ သောအမြင်များကို ငြင်းခုံဆွေးနွေး ကြရင်း  နိုင်ငံ၏အနာဂတ်ကို ကြိုး စား၍ ထုဆစ်နေကြပါသည်။

    မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် ယခုအခါ သက်တမ်းတစ်ဝက်ကျော်ကျော်သို့  ရောက်ရှိခဲ့ပြီ ဖြစ်သည်။  နှစ်နှစ်ကျော်ကျော်မျှ ကျန်ရှိနေသေးသော အချိန်တွင် လာမည့်သက်တမ်း၌ ယှဉ်ပြိုင်ကြမည့်နိုင်ငံရေးပါတီများ၊ထိုပါတီ၏ခေါင်းဆောင်များကတစ်စုံ တစ်ရာထုတ်ဖော်ပြောဆိုမှုများစတင်ပြုလုပ်လျက်လည်းရှိသည်ကို တွေ့ရ သည်။  ၂၀၀၈-ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊  ဖက်ဒရယ်မူ ဆောင်ရွက်ရေး၊ မဲပေးစနစ် ပြန် လည်ပြင်ဆင်နိုင်ရေး အပါအ၀င် မြို့တော်ဝန်များကို တိုက်ရိုက်ရွေး ချယ် တင်မြှောက်နိုင်ရေးများအထိ ပါဝင်ပါသည်။

    အာဏာရှင်စနစ်မှ ဒီမိုကရေ စီသို့ ကူးပြောင်းခဲ့သော နိုင်ငံများ အားလုံးသည် အကူးအပြောင်းကာ လကို အနည်းဆုံးဆယ်စုနှစ်တစ်ခု ကျော်မျှဖြတ်သန်းခဲ့ကြရသည်ချည်း ဖြစ်သည်။ဖြေးဖြေးမှန်မှန် တိုးတက် မှုပုံစံဖြင့် ဖြတ်သန်းခဲ့ကြခြင်းဖြစ် သည်။ ကြီးမားသော ပြုပြင်ပြောင်း လဲရေးထက်  ခိုင်မာသော ပြုပြင် ပြောင်းလဲရေးကို ပို၍အလေးထား လေ့ရှိကြသည်။

    မြန်မာ့အသွင်ကူးပြောင်းရေး သည် အခြားအသွင်ကူးပြောင်းခဲ့ ကြသော  နိုင်ငံများထက် ပို၍ လျင် မြန်ပြီး၊ မထင်မှတ် မမျှော်မှန်းသော ရလဒ်များထုတ်ပေးနိုင်ခဲ့ပါသည်ဟု ကမ္ဘာ့မိသားစုကြီးက  မှတ်ချက်ပြုခဲ့ ပြီး ဖြစ်ပါသည်။ ယခုလည်း၂၀၀၈-ဖွဲ့စည်းပုံ  အခြေခံဥပဒေ ပြင်ဆင် ရေးကိုပထမသက်တမ်း၏တစ်ဝက် မျှမရှိသေးသောအချိန်တွင် စတင် ၍စဉ်းစား၊ဆာင်ရွက်နိုင်ခဲ့ကြခြင်း သည်ကမ္ဘာကမျှော်လင့် မထားသေး သောအပြောင်းအလဲဖြစ်ပါ၏။

    မြန်မာတို့သည်  အရေးအရာ များစွာတွင် ထူးခြားစွာ အပြောင်း အလဲပြုနိုင်ခဲ့ကြသူများ ဖြစ်သည်။ တစ်ချိန်က အတိုက်အခံပါတီသည် ပြည်တွင်းခရီး၌ပင် အကန့်အသတ် များ ကြီးမားစွာရှိနေခဲ့ရာမှ ယနေ့ ကမ္ဘာ့မည်သည့်နေရာသို့မဆို လွတ် လပ်စွာသွားလာခွင့်ရှိပြီး၊ လွတ်လပ် စွာပြောဆိုထုတ်ဖော်ခွင့်ရှိနေခဲ့ပါ သည်။ဤသည်က တိုးတက်ခဲ့သော အရာပေါင်းများစွာထဲမှ တစ်ခုမျှ သာဖြစ်သည်။ လွတ်လပ်စွာဆန္ဒပြခွင့်၊ရေးသားခွင့်ရခဲ့ကြသည်။ အချို့ ဆိုလျှင်လွတ်လပ်ခွင့်ကိုခုတုံးလုပ်၍ ရုန့်ရင်းကြမ်းတမ်းသော စကား လုံးများကိုပင်အသုံးပြုပြောဆို၊ ရေး သားမှုများရှိနေပါ၏။ မှန်ကန်မှုမရှိ သောသတင်းများကို ဖော်ပြပြီး ဆန့် ကျင်ရေးဦးတည်ချက် တစ်ခုတည်း ကိုသာစူးစူးစိုက်စိုက် လုပ်ဆောင်သူ များ၊ အမြဲတမ်းခပ်ကြမ်းကြမ်း ပြော ဆိုဝေဖန်သူများလည်း  ရှိနေပါ၏။ထိုသည့်တိုင်အောင်“ဘာမှမပြောင်း သေးပါဘူး” ဟု  ဆိုလျှင်... “ဘူတ၀ါဒီ”ဟူသော “ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း”နှင့် ညီ-မညီစစ်ဆေးဖို့ ကောင်းသည်ဟု ဆို ချင်ပါ၏။ ဓမ္မ၀ါဒီဟူသော တရား နှင့်ဆက်စပ်သည်ကိုသာပြောဆိုခြင်း၊ ပီယ၀ါဒီဟူသောနှစ်လိုဖွယ်ရာစကား ကိုသာ ပြောဆိုခြင်းနှင့်ညီ-မညီကို ပြန်လည်၍ ဆန်းစစ်ဖို့ လိုပါလိမ့် မည်။

    “အတ္တ၀ါဒီ”ဆိုသည်မှာ အကျိုး စီးပွားကို အခြေခံခြင်း ဖြစ်သည်။ မိမိတို့၏ကိုယ်ကျိုးစီးပွားသက်သက် မျှကိုသာ  အခြေခံခိုင်းခြင်းမဟုတ်။ မိမိအကျိုး၊ အများအကျိုးအပေါ်မျှတစွာအခြေခံစေလိုသည့်သဘော ဖြစ်ပါသည်။ ယနေ့မြင်ရ၊ တွေ့နေရ၊ ကြားနေရသည်မှာ  များစွာပညာ မြော်မြင်မှုနည်းပါးစွာ  အနာဂတ် အရေးကိုအလေးမထား၊ ဂရုမပြုဘဲ ပြောနေရေးနေကြခြင်းကို  စိတ်မကာင်းစွာတွေ့နေ၊မြင်နေရပါသည်။ ကိုယ်တိုင်လည်း  ဆောင်းပါးများစွာ ရေးခဲ့ပြီး ဖြစ်ပါသည်။ Forgetting ဟူသောမေ့မရခြင်းနှင့်   Forgiveness  ဟူသော ခွင့်လွှတ်ခြင်းတို့မှာ တစ်ဘာသာစီဖြစ်ကြပါ၏။ ပညာ နည်းပါးလျှင်၊  မြော်မြင်မှု နည်းပါး လျှင်  ထိုနှစ်ခုကို  ရောထွေးစားကြ လေ့ရှိပါသည်။ယနေ့အခြေအနေသည် နိုင်ငံ တော်ကို  ပြန်လည်တည်ဆောက် နေရသော အချိန်ဖြစ်ပါ၏။ မေ့မရ သောအရာများ ရှိငြားသော်လည်း၊ ကြိုးစားခွင့်လွှတ်နိုင်ကြမှသာ နိုင်ငံ တော်ကို တည်ဆောက်နိုင်မည် ဖြစ် သလို အသွင်ကူးပြောင်းရေးကာလ ကိုလည်း  ဖြတ်သန်းနိုင်မည် ဖြစ်ပါ ၏။ နိုင်ငံသူနိုင်ငံသားများ နိုင်ငံရေး အသိအမြင် တစ်စုံတစ်ရာ ရရှိရေး၊ လူ့အရင်းအမြစ်တိုးတက်ဖွံ့ဖြိုးနိုင် ရေးအတွက်   Peace, Democracy နှင့် Development ဟူသော မဏ္ဍိုင် (၃) ခုအောက်ဘာသာ (၁၅) ခုကို သင်ကြားပေးနေသော  သင်တန်း တစ်ခုကို  ဦးစီးဖွင့်လှစ်ထားနေပါ သည်။  လွတ်လပ်စွာ ဆွေးနွေး၊ မေးမြန်းနိုင်ခွင့် ရှိပါ၏။ သင်တန်း သားထဲတွင်  တစ်ချိန်က  ထောက် လှမ်းရေးတွင် တာဝန်ထမ်းဆောင် ခဲ့သော  ဗိုလ်မှူးတစ်ဦး  ပါဝင်ပါ သည်။  ကျွန်တော်ကိုယ်တိုင်က လည်း ၁၉၉၇-တွင် ထောက်လှမ်း ရေး၏မေးမြန်းမှုကို အောင်သပြေ စခန်းတွင်  တစ်ပတ်ကြာခံခဲ့ရဖူးသူ ဖြစ်ပါ၏။  အရွယ်အစားမငယ် သောလုပ်ငန်းစု၏ ဥက္ကဋ္ဌတစ်ဦးအ နေဖြင့်များစွာခါးသီးခဲ့သောအတွေ့ အကြုံဖြစ်၍ မေ့နိုင်သည့်ကိစ္စတော့ မဟုတ်ပါ။  သို့သော်ခွင့်လွှတ်နိုင် သောကိစ္စဟုသာ နှလုံးပိုက်ခဲ့ပါ၏။ ခွင့်လွှတ်နိုင်ခဲ့၍လည်း  ထိုသူကို သင်တန်းတက်ခွင့်ပေးခဲ့ခြင်း ဖြစ်ပါ ၏။ ထိုသင်တန်းတွင် နိုင်ငံရေးပါတီ (၂၀) မျှလောက်နှင့် လက်နက်ကိုင် အဖွဲ့အချို့မှပင်  လာရောက်တက် လာသောသင်တန်းသားများ ပါဝင် ပါသည်။

    ခွင့်မလွှတ်နိုင်ခြင်း၊ ခွင့်လွှတ် နိုင်စွမ်းမရှိသောစကားများ ဆိုခြင်း ကြောင့် အတိတ်ကမြန်မာတို့ "Us- Them" သို့မဟုတ် "With-Again-st" ဟူ၍ “ရန်-ငါ” ကွဲပြားကာမလို လားအပ်သော  အမှောင်ခရီးကို ရာစုတစ်ဝက်မျှ ဖြတ်သန်းခဲ့ရခြင်း ဖြစ်သည်ကို  မေ့မထားသင့်ဟု ယူ ဆပါသည်။  တရားသဘောကို ပိုမို ဆင်ခြင်မိသော(၆၀)ကျော်အရွယ် ဖြစ်လာ၍ ကျန်သောအချိန်ကို ပို၍ ခွင့်လွှတ်သောစိတ်၊ ခွင့်လွှတ်သော အမူအကျင့်၊ ခွင့်လွှတ်သောစကား များဖြင့်သာ ဖြတ်သန်းနိုင်ရန် ကြိုး စားသွားမည့်သူဖြစ်ပါသည်။ ယနေ့ ကြားနေ၊ မြင်နေရသော ၀န်းကျင် တွင် ခွင့်လွှတ်စိတ် တစ်စုံတစ်ရာ နည်းပါးလှသေးသည်ဟု ခံစားရပါ ၏။မိမိတို့၏ အဇ်္ဇိတကို မိမိတို့ပြော ကြ၊ဆိုကြ၊ ရေးကြသော အရာများ က ကိုယ်စားပြုကြပါ၏။ အတတ် ပညာသည် နိုင်ငံတည်ဆောက်ရေး အတွက်အရေးကြီးသလို၊အသိပညာ သည်လည်း  အမျိုးသားရေး တည် ဆောက်မှုအတွက် ပို၍အရေးကြီး ပါ၏။ အသိနုံ့ခဲ့သည်ရှိသော် အမျိုး သားရေးတည်ဆောက်နိုင်မှုနှင့် အ လှမ်းဝေးနေပါလိမ့်မည်။အမျိုးသား ရေးကို  ကောင်းစွာမတည်ဆောက် နိုင်ပါက နိုင်ငံတည်ဆောက်ရေးဆို သည်မှာ အိပ်မက်တစ်ခုမျှထက် ပို မည်မဟုတ်ပါ။

     ထို့ကြောင့် အပြောင်းအလဲ နည်းစဉ်တွင် ပါဝင်ကြသူအားလုံး ကောင်းသော စကားကိုဆိုကြ ရင်း ဖြင့် နိုင်ငံတော်တည်ဆောက်ရေး တွင် မှန်ကန်စွာ ပါဝင်နိုင်ကြပါစေ ကြောင်း။

            နေဇင်လတ်           
   ၁၇-၁၀-၂၀၁၃ (၁၁၅၄

Comments

Popular posts from this blog