ခေါင်းဆောင်ဖြစ်ဖို့ သင်ယူစို့ (Learn to Lead) (ဖူးကျော်ဇင် Future Wave) vol.2,No.30
ခေါင်းဆောင်ဖြစ်ဖို့ သင်ယူစို့ (Learn to Lead) (ဖူးကျော်ဇင် Future Wave) vol.2,No.30
ခေါင်းဆောင်မှုအကြောင်းကိုသိချင်ပါသည်ဟုဆိုလျှင် တစ်ရက် တည်းနှင့်ပြတ်ပါသည်။ သို့သော် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လို ပါက တစ်သက်တာ အချိန်ပေးရပါလိမ့်မည်။ ခေါင်းဆောင်မှု (Leadership) အကြောင်းကို သိစေရန် သင်ကြားပေးနိုင်သော်လည်း ခေါင်းဆောင် (Leader) တစ်ယောက်ဖြစ်ရန် သင်ကြားပေးရုံဖြင့်မရနိုင်ပါ။ ရေကူးခြင်း အတတ်ပညာကို ကုန်းပေါ်မှာ သင်ပေးရုံဖြင့် ရေကူးချန်ပီယံ တစ်ယောက်ဖြစ်မလာနိုင်ခြင်းနှင့် တူသည်။
ပညာသင်ကြားရေး စနစ်အပေါ် လေ့လာမှုအရ ဖတ်ရှုသင်ယူခြင်းနှင့် ပို့ချသင်ယူခြင်းသည် ထိရောက်မှု အနည်းဆုံးဖြစ်ပြီး ထိ ရောက်မှု အမြင့်ဆုံးအဆင့်မှာ"အတွေ့အကြုံများရရှိလာစေရန် လေ့ကျင့်ခြင်း" ဖြစ်ကြောင်း ပညာရှင်များက လေ့လာ ဖော်ထုတ်ခဲ့ကြပါသည်။ ထို့ထက် ပိုမိုထိရောက်သည့် အထက်မြက်ဆုံးနည်းလမ်းမှာတော့ မိမိတတ်မြောက် လိုသည့်အရာတွေကို “လက်တွေ့လုပ်ဆောင်ခြင်း”ပင်ဖြစ်သည်။ အောက်ပါ သင်ကြားရေး ကတော့ချွန်ပုံစံကို ကြည့်ပါ။ ခေါင်းဆောင်မှုပညာကို လေ့လာ သင်ယူကြသည့်နေရာတွင် ဤသင်ကြားရေးကတော့ချွန်ပုံစံ (Cone of Learning) ကို သတိပြုသင့်ပါ သည်။ စာအုပ်များဖတ်ရှုခြင်း၊ အလွတ်ကျက် မှတ်ခြင်း၊ ဟောပြောခြင်းနှင့် ပို့ချခြင်းများဖြစ်သည့် အခြေခံ လေ့လာရေး ပုံစံဖြင့် မလုံလောက်ပါ။ သို့သော် ပညာသင်ကြားရေးစနစ်သည် ဤအဆင့်မှ တက်မလာခြင်းသည် အံ့သြစရာ ကောင်းလှပါသည်။ အမှန်တော့ ဤသင်ကြားရေး ကတော့ချွန်ပုံစံ ထွက်ပေါ်လာခဲ့သည်မှာ ၁၉၆၉ ခုနှစ် ကတည်းကပင် ဖြစ်ပါသည်။
သင်ယူတတ်မြောက်ခြင်းနှင့် ပတ်သက်၍ မရှိမဖြစ် လုပ်ရမည့် အဆင့် သုံးဆင့်ရှိကြောင်းကို ကျွန်တော်တွေ့ရှိထားပါသည်။ ထိုအဆင့်သုံးဆင့်ကို “လ-သုံးလုံး” ဟု အမည်ပေးထားသည်။ ထို “လ-သုံးလုံး” သည် ပညာရပ် တစ်ခုခုကို သင်ယူသည့်အခါ ရေသောက်မြစ်သဖွယ်အရေးပါလှ ပါသည်။ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ရန် သင်ယူလေ့လာသည့် အခါတွင် လည်း “လ-သုံးလုံး” အတိုင်း ဆောင်ရွက်နိုင်ရန် အထူးလိုအပ်ပါသည်။ “လ-သုံးလုံး” ဆိုသည်မှာ အင်မတန်ရိုး ရှင်းသည့် နည်းလမ်းတစ်ခုသာဖြစ် ပါသည်။
ပထမ (လ) - လေ့လာခြင်း
လေ့လာခြင်း (Learning) သည် အောင်မြင်ခြင်းအတွက် ပထမခြေ လှမ်းဖြစ်၏။ မလေ့လာ၊ မသင်ယူဘဲနှင့် ဘယ်အရာမှ သိရှိနိုင်မှာ မဟုတ်ပါ။ “လေ့လာခြင်း” သည် အသိပညာဗဟုသုတ (Knowledge) များကို ပေးစွမ်းနိုင်ပါသည်။
Leaders are Learners ဆိုသည့်အတိုင်း ခေါင်းဆောင်တိုင်းသည် သင်ယူ လေ့လာနေကြသူများသာ ဖြစ်ပါသည်။ ထို့ကြောင့်ခေါင်းဆောင်ကောင်းဖြစ်ရန် ဦးတည်ခြေလှမ်း စတင်နေသူများ သည် ခေါင်းဆောင်မှုနှင့် ပတ်သက်သည့်သဘောတရား တွေ၊ လုပ်ဆောင် ချက်တွေ၊ စိတ်ဓာတ်တွေ၊ အရည်အချင်းတွေကို မပြတ်လေ့လာသင်ယူ ထားရန် အထူးလိုအပ်ပါသည်။
စာဖတ်သူသည် ရေကူးတတ် ချင်ပါသလား။ ရေကူးနည်းကိုမလေ့လာ ဘဲ ရေထဲဆင်းခြင်းသည် အန္တ ရာယ် များလှပါသည်။ သင်အရင်ဆုံးလုပ်ရ မည့်အရာမှာလေ့လာခြင်းသာဖြစ်သည်။ ထို့အတူကားမောင်းကျွမ်းကျင် သူ ဖြစ်ချင်ပါသလား၊ လေ့လာခြင်းဖြင့် စတင်ရမည်။ စီးပွားရေးလုပ်ငန်းကြီး တစ်ခု တည်ထောင်ချင်ပါသလား၊ လေ့လာရမည် သာဖြစ်သည်။ ခေါင်းဆောင်ဖြစ်ချင်ပါသလား၊ လေ့လာခြင်းသာ ပြုရ ပါလိမ့်မည်။ ထို့ကြောင့် မည်သည့် အရာကိုလုပ်လုပ် ပထမဆုံး “လ” ဖြစ်တဲ့ လေ့လာခြင်း (Learning) သည် အခြေခံဖြစ်ပါသည်။
ဒုတိယ (လ) - လေ့ကျင့်ခြင်း
“လေ့လာခြင်း” အဆင့်နှင့် ရပ်တန့်နေ၍ မလုံလောက်ပါ။ ဒုတိယ ခြေလှမ်းအနေဖြင့် “လေ့ကျင့်မှု” (Practice) ကို ပြုလုပ်ရပါမည်။ Practice makes perfect ဆိုသည့် စကားလည်းရှိ၏။ ထိုအရာကပို အရေးကြီးပါသည်။
လူအများစုသည် လေ့လာဖို့ အတွက် ၀န်မလေးတတ်ကြပါ။ စာတွေဖတ်၊ သင်တန်းတွေတက်၊ ဟောပြောပွဲတွေတက်၊ အသိပညာပေး အခွေတွေနားထောင် စသဖြင့် လေ့လာကြသည်မှာ အများအပြားပင်။
သို့သော် လေ့လာပြီးနောက်ပိုင်း လေ့ကျင့်ခြင်း (Practice) ကို စနစ်တကျ မလုပ်ဆောင်ကြပါ။ ထို့ကြောင့်ယနေ့ခေတ်လူငယ်အချို့ ဟာအောင်လက်မှတ်၊ သင်တန်း ဆင်းလက်မှတ်၊ ဘွဲ့ဒီဂရီတွေရရှိပိုင်ဆိုင် ထားကြသော်လည်း ကျွမ်းကျင် မှုအပိုင်း အားနည်းနေခြင်း သည် လေ့ကျင့်ခြင်း (Practice) ကို ထပ်တလဲလဲ မလုပ်၍ဖြစ်ပါသည်။
“ထပ်တလဲလဲ လေ့ကျင့်ခြင်း ဟာ ဘုရင်ပဲ” ဆိုသည့် စကားရှိပါ သည်။ အားကစားလုပ်တာဖြစ်စေ၊ စီးပွားရေးလုပ်တာဖြစ်စေ၊ ဘာသာ စကားပြောဆိုတာဖြစ်စေ၊ တင်ဆက် ဟောပြောတာဖြစ်စေ ထပ်တလဲလဲ လေ့ကျင့်မှုကို လုပ်ကြရပါသည်။ ခေါင်းဆောင်မှု စွမ်းရည် သည်လည်း အလားတူပင်။ လေ့လာသင်ယူရုံ သက်သက်ဖြင့်တော့ ကျွမ်းကျင်သူ ဖြစ်မလာနိုင်ပါ။ လေ့ကျင့်မှု (Practice) ကသာလျှင် ကျွမ်းကျင်မှု (Skills) တွေကို ဖြစ်စေပါသည်။
ထို့ကြောင့် ခေါင်းဆောင်မှု အကြောင်းကိုလေ့လာပြီးပြီ ဆိုပါက ကိုယ်တိုင်ခေါင်းဆောင်ဖြစ်ရန် လေ့ကျင့်မှုတွေ အထပ်ထပ် ပြုလုပ်ရပါ လိမ့်မည်။
တတိယ (လ) - လက်တွေ့လုပ် ခြင်း
လေ့လာပြီးပြီ ၊ လေ့ကျင့်နေပြီ ဆိုလျှင် နောက်တစ်ဆင့်မှာတော့ လက်တွေ့လုပ်ဆောင်ခြင်းသာ ဖြစ်၏။ မိမိအမှန်တကယ် အောင်မြင်မှု ထိပ်တန်းရရှိချင်သည့် နေရာမှာ လက်တွေ့ကွင်းဆင်းလုပ်ကိုင်လိုက်ပါ။ သင်ပြီး မလုပ်ရင် မသင်ထားတာနဲ့ အတူတူပင် ဖြစ်သည်။ ဘ၀မှာ အမှန် တယ် တကယ်ပေါက်မြောက် အောင်မြင်လိုပါက မိမိ အောင်မြင်လိုသည့် နယ်ပယ်တွင် လက်တွေ့လုပ်ဆောင်ပြီး အတွေ့အကြုံ (Experience) များကို ယူနိုင်ဖို့လိုပါသည်။ ခေါင်းဆောင်မှုနှင့် ပတ်သက်လျှင်လည်း လက်တွေ့ ဦးဆောင်မှုတွေပြုလုပ်ရမှာဖြစ်ပါ သည်။
လေ့လာခြင်းဖြင့် အသိပညာ (Knowledge) တွေရရှိသည်။
လေ့ကျင့်ခြင်းဖြင့် ကျွမ်းကျင်မှု (Skills) တွေဖြစ်လာသည်။
လက်တွေ့လုပ်ခြင်းအားဖြင့် အတွေ့အကြုံ (Experience) တွေ ရရှိလာပါလိမ့်မည်။
အတွေ့အကြုံများပြီး ရင့်ကျက်လာသည့်အခါ ကြံ့ခိုင်သန်စွမ်းမှု (Strength) တွေဖြစ်တည် တိုးပွားလာမှာမလွဲပါ။
ထိုသို့တစ်ဆင့်ချင်းဆီ တိုးတက်လာသူသည် သက်ဆိုင်ရာနယ်ပယ် များတွင် ထူးချွန်ထက်မြက်သည့် အောင်မြင်သူ ဖြစ်လာမှာ အသေအချာ ပင်ဖြစ်၏။
မည်သူမှနေ့ချင်းညချင်းဥုံဖွ ဆိုပြီးထူးချွန်အောင်မြင် သည့်ခေါင်းဆောင်ဖြစ်သွား သူမရှိပါ။ တစ်ဆင့် ပြီး တစ်ဆင့် ဖွံ့ဖြိုးတိုးတက်လာစေ ရန်သာကြိုးစားရတာဖြစ်ပါသည်။
လေ့လာပြီးလျှင် လေ့ကျင့်ရမည်။ လေ့ကျင့်ပြီးလျှင် လက်တွေ့လုပ်ရ မည်။ လက်တွေ့လုပ်ရင်းဖြင့် လည်းလေ့ကျင့်နေရမည်။ လေ့ကျင့်နေ လျက် လေ့လာသင်ယူမှုတွေ ပြုလုပ်နေရပါမည်။ ဤသို့ “လ-သုံး လုံး” ကို အပြန်အလှန် အဆက်မပြတ် ကျင့်သုံးလုပ်ဆောင်နေခြင်း သည် မိမိ လေ့လာသင်ယူနေသည့် ပညာရပ်နယ်ပယ်တွင် ထူးချွန် အောင်မြင်မှု များဖြစ်လာစေလိမ့်မည်။
သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် အောင်ပွဲခံကြသည့် လူများ သည် “လေ့လာ၊ လေ့ကျင့်၊ လက်တွေ့လုပ်” ဟူသည့် လမ်းစဉ်ကို ကောင်းစွာ နားလည်ထားကြသူများ ဖြစ်ပါသည်။ စာဖတ်သူကသာ ဤ လ(၃)လုံးကို လက်ကိုင်ထားပြီး ခေါင်းဆောင်ဖြစ်ဖို့ တစိုက်မတ်မတ် ကြိုးစားလုပ်မည်ဆိုလျှင် မကြာခင်မှာ အောင်မြင်သော ထိပ်တန်း ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာမည်မှာ မလွဲမသွေ ပင်ဖြစ်တော့သည်။
Today Learners are Tomorrow
Leaders. So, Learn to Lead!
Let's Fly Together!
ဖူးကျော်ဇင်(Future Wave)
Comments
Post a Comment