ယုံကြည်ထိုက်သော ထိပ်တန်းခေါင်းဆောင်ဖြစ်စေဖို့ (ဖူးကျော်ဇင် (Future Wave))
ခေါင်းဆောင်များ ထိပ်တန်းဆိုသည့် နေရာသို့ရောက်ရှိလာကြသည် မှာ စွမ်းအားပြည့်ဝသော နှလုံးသားနှင့်စိတ်ဓါတ်ကို ပိုင်ဆိုင်ထားကြ၍ ဖြစ်သည်။ ထိုစိတ်ဓါတ်နှင့် နှလုံးသားမရှိလျှင် ယုံကြည်ကိုးစားထိုက်သော ထိပ်တန်း ခေါင်းဆောင်ကောင်းတစ်ယောက် လုံးဝမဖြစ်နိုင်ပါ။ ယုံကြည် ထိုက်သူဖြစ်ခြင်းသည် ခေါင်းဆောင်တိုင်း၏အသက်သွေးကြောဖြစ်သည်။ ထိပ်တန်းခေါင်းဆောင်တိုင်း၏ စွမ်းအားတစ်ခုလည်း ဖြစ်သည်။
ကမ္ဘာ့ကျော်ကြားထိပ်သီးခေါင်းဆောင်ကြီးများသည်သူတို့ဦးဆောင် ရာ နယ်ပယ်လောကကြီးကို သူတို့၏အကောင်းဆုံးစွမ်းရည်များဖြင့် ပေးဆပ်နေ ကြပြီး လောကကြီးအတွင်းရှိ အကောင်းဆုံးဆိုသည့် စွမ်းရည်များ ကို အရယူနေကြပါသည်။ ခေါင်းဆောင်ကောင်း ဖြစ်လိုသူတိုင်းသည် မိမိကိုယ်ကိုစွမ်းအားများပြည့်ဝနေအောင် အစဉ်အမြဲဖြည့်ဆည်းနေဖို့ လိုအပ် သလို ပြည့်ဝလာသောစွမ်းအားများကိုလည်း မိမိအဖွဲ့အစည်း အတွက် ကောင်းစွာ ပေးဆပ်အသုံးချရပါမည်။ ထိုသို့ အသုံးချမှသာ အဖွဲ့အစည်း ၏ ယုံကြည်ထိုက်သော၊ အားကိုးထိုက်သောသူဖြစ်ပါလိမ့်မည်။
လူအများ၏ အစစ်အမှန်ယုံကြည်မှုကို လက်ခံရရှိခြင်း သည် ခေါင်းဆောင်တိုင်း အတွက်အသက်တမျှအရေးကြီးသည်။ အများကလက် ခံယုံကြည်စေသော အရည်အသွေးမရှိပါက သြဇာလွှမ်း မိုးနိုင်မှု မဖြစ်ပေါ်လာနိုင်ပါ။ ထို့ကြောင့် ခေါင်းဆောင်ဆိုသူများတွင် ယုံကြည်ထိုက်သော စွမ်းအားများရှိနေရန် အထူးလိုအပ်ပါသည်။ ယုံကြည်ထိုက်သူဖြစ်လျှင် လူအများကို စုစည်းလာအောင် ဆွဲဆောင်စည်းရုံးထားနိုင်သည်။
အပြောနှင့်အလုပ် ညီညွတ်ပါ
ထိုသို့ယုံကြည်ထိုက်သူဖြစ်လာဖို့ အတွက် အခြေခံအကျဆုံး သော့ ချက်မှာ "အပြောနှင့်အလုပ်တစ်ထပ်တည်းကျခြင်း" ဖြစ်ပါသည်။ ခေါင်းဆောင်လုပ်သူ၏ အပြောနှင့်အလုပ် ရှေ့နောက်မညီညွတ်ပါက နောက်လိုက်များ အနေဖြင့် ခေါင်းဆောင်အပေါ်ယုံကြည်မှုများ ကင်းမဲ့လာတတ် စေပါသည်။ မိမိတို့မယုံကြည်သောခေါင်းဆောင်တစ်ဦးနောက်သို့ မည်သူ မှလိုက်ပါမည် မဟုတ်ပါ။
ထို့ကြောင့် ခေါင်းဆောင်ဆိုသူတိုင်းသည် ပြောသည့်အတိုင်းလုပ်၍၊ လုပ်သည့်အတိုင်းပြောသူဖြစ်ရပါမည်။ ထိပ်တန်းခေါင်းဆောင်ဖြစ်ဖို့ရည် ရွယ်ထားပါက ပို၍အရေးကြီးသည်။ ထိပ်ပိုင်းကိုရောက်လေ၊ လူအများနှင့် ပိုမိုထိတွေ့ဆက်ဆံရလေဖြစ်သည်။ လူအများ၏စောင့်ကြည့်ခြင်းကို ပိုမိုခံ ရလေဖြစ်သည်။ ထို့ကြောင့် ထိပ်တန်းကိုရောက်လေလေ၊ စံပြုထိုက်သော ခေါင်းဆောင်ကောင်းဖြစ်ရန် အထူးဂရုစိုက်ရလေဖြစ်ပါသည်။
"ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့" သူများသည် ယုံကြည် ထိုက်သောစွမ်းအား ချို့တဲ့သူများ ဖြစ်သည်။ ထိုသို့သော ခေါင်းဆောင် များကို မည်သည့်နောက်လိုက်ငယ်သားများကမှ တန်ဖိုးထားလေးစားမည် မဟုတ်ပါ။ ခေါင်းဆောင်ကိုယ်တိုင်လည်းသူတို့အပေါ် သြဇာညောင်းနိုင် တော့မည်မဟုတ်ပါ။ ထို့သို့ဖြစ်ပါက အဖွဲ့အစည်းကြီး၏ တိုးတက်အောင် မြင်မှုနှုန်းသည် ကျဆင်းလာမည်ဖြစ်ပါသည်။
ယုံကြည်ကိုးစားထိုက်သော ထိပ်တန်းခေါင်းဆောင်ဖြစ်လာစေဖို့ အပြော၊ အလုပ်၊ ရှေ့နောက်ညီစေရန် သတိနှင့်ယှဉ်၍ လေ့ကျင့်ရမည်။ စကားပြောရာတွင် အမှတ်မဲ့မဆင်ခြင်ဘဲအရမ်းမပြောမိစေရန် သတိပြု သင့်သည်။ ကတိကို လွယ်လွယ်နှင့်ပေးတတ်သည့် အကျင့်ရှိပါကလည်း သတိထားသင့်ပါသည်။ "မင်းမှာ သစ္စာ၊ လူမှာကတိ" ဆိုသည့်အတိုင်း ကတိပေးထားပါကလည်း ထိုကတိတည်စေရန်အစွမ်းကုန် ဆောင်ရွက် သင့်ပါသည်။
ဖြောင့်မတ်သမာဓိရှိပါ
လူအများလေးစား ယုံကြည်သော ခေါင်းဆောင်တစ်ယောက်ဖြစ် လာစေရန်အရေးကြီးသော့ချက်မှာ "ဖြောင့်မတ်သမာဓိရှိခြင်း" ဖြစ်သည်။ ဖြောင့်မတ်သမာဓိရှိခြင်းသည် ယိမ်းယိုင်ခြင်းမဟုတ်ပါ။ အဂတိလိုက်စား ခြင်းမရှိပါ။ ကျောသား၊ ရင်သား ခွဲခြားခြင်းမရှိပါ။ ဘက်လိုက်တတ်သည့် သဘောထားမရှိပါ။ ဟန်ဆောင်ပြီး ရိုးသားသည့် သဘောလည်းမရှိပါ။ ထိုသို့ ဖြောင့်မတ်တည်ကြည်ခြင်း တရားကို လက်ကိုင်ထားနိုင်မှ ယုံကြည်ထိုက်သော ထိပ်တန်းခေါင်းဆောင်ဖြစ်မည်။
ဖြောင့်မတ်သမာဓိတရားသာမရှိပါက မိမိနှင့် ခင်မင်ရင်းနှီးသူများကို ထူးကဲသော အခွင့်အရေးများပေးတတ်ခြင်း၊ သူတို့၏ အပြစ်များကို မသိ ကျိုးကျွံ ဟန်ဆောင်တတ်ခြင်း၊ ဖုံးဖိတတ်ခြင်းများလုပ်တတ်ပါသည်။ မိမိ မနှစ်သက်သောနောက်လိုက်ငယ်သားများရှိပါကဒေါသရှေ့ထား ပြောဆို ဆက်ဆံတတ်ခြင်း၊ သည်းခံနိုင်ဖွယ်အမှားဖြစ်သော်လည်း ခွင့်မလွတ်ခြင်း များပြုတတ်ပါသည်။ ထိုသို့သာ များများပြုလုပ်ပါ။ ထိုခေါင်းဆောင်သည် ကျရှုံးမည်သာဖြစ်မည်။
ရိုးသားဖြောင့်မတ်မှုမရှိသော ခေါင်းဆောင်တစ်ဦးကြောင့် အဖွဲ့ အစည်း၏ အကျိုးဆက်များမှာ အပျက်သဘောသာ ဖြစ်စေပါလိမ့် သည်။ ဖြောင့်မတ်မှုမရှိခြင်းသည် ယုံကြည်မှုလျော့နည်းစေသည်။ ယုံကြည်မှု များလျော့နည်းလာပါက ခင်မင်ရင်းနှီးမှုများလည်း လျော့နည်းကုန်မည်။ ခင်မင်ရင်းနှီးမှုများ မရှိပါက အဖွဲ့အတွင်း စိတ်အားတက်ကြွမှုများ လျော့ကျ လာမည်သာဖြစ်သည်။ ထိုသို့ဖြစ်ပါက ကုန်ထုတ်စွမ်းအားများ၊ စွမ်းဆောင် ရည်များနိမ့်ကျလိမ့်မည်။ ထိုအခါအဖွဲ့အစည်းပေါ်စိတ်ချယုံ ကြည်မှုစနစ်ကြီးလည်းပြောင်းလဲသွားမည်ဖြစ်သည်။ မိမိတို့၏အဖွဲ့အစည်း အပေါ်ယုံကြည်မှုမရှိပါက အောင်မြင်မှုပန်းတိုင်သို့ မည်သို့မျှမရောက် ရှိနိုင်ပါ။ ထိုအခါအဖွဲ့အစည်းကြီးသည် ပြိုလဲရမည်သာဖြစ်သည်။
အရင်းစစ်လိုက်လျှင် ခေါင်းဆောင်၏ မရိုးဖြောင့်မှုကြောင့်သာဖြစ် သည်။ မရိုးဖြောင့်သော ခေါင်းဆောင်သည် မယုံကြည်ထိုက်သော ခေါင်းဆောင် သာဖြစ်သည်။ ဖြောင့်မတ်သမာဓိရှိသူများသည် ပြည့်ဝသည့် စိတ်ထား ရှိသူများပင် ဖြစ်သည်။ ဖြောင့်မတ်သမာဓိရှိမှုသည် ယုံကြည်မှုကို တည်ဆောက်ပေးသည်။ အပြုသဘောဆောင်သည့် လွှမ်းမိုးနိုင်မှုသတ်္တိ များရှိပါသည်။
ကြီးကျယ်သော အဖွဲ့အစည်းဆိုသည်မှာခေါင်းဆောင်၏ ရှည်ထွက် နေသော အရိပ်ကြီးဖြစ်သည်ဟု အဆိုတစ်ခုရှိပါသည်။ ခေါင်းဆောင်၏ အကျင့်သိက္ခာသည် အဖွဲ့အစည်း၏အကျင့် သိက္ခာသာဖြစ်ပါသည်။ နိုင်ငံ့ ခေါင်းဆောင်၏ အကျင့်သိက္ခာသည် နိုင်ငံ၏ အကျင့်သိက္ခာ ဖြစ်သည်။ အဖွဲ့အစည်း ကြီးမားလေလေ၊ အကျင့်သိက်္ခာ ကြီးမားမြင့်မြတ်ဖို့ ပိုလို အပ်လေဖြစ်ပါသည်။
နောက်ဆုံးအနေဖြင့် ယုံကြည်ထိုက်သော ထိပ်တန်းခေါင်းဆောင် ကောင်း တစ်ယောက်ဖြစ်လာစေဖို့အဖွဲ့အစည်းအပေါ် ရိုးသားဖြောင့်မတ် ပါသလား ၊နောက်လိုက်များအပေါ်ရိုးသားဖြောင့်မတ်ပါသလား၊ သစ္စာရှိ ပါသလား၊အပြောနှင့်အလုပ်ညီညွတ်ပါသလား၊ မှန်ကန်ပါ၏လား ဆိုသည့် မေးခွန်းများကို အမြဲဆန်းစစ်နေသင့်ပါသည်။
Let's Fly Together!
ဖူးကျော်ဇင် (Future Wave)
Comments
Post a Comment