“ကံ” ဆိုတာ “အယ်အိုစီ” လား
ဗုဒ္ဓဘာသာတွေအနေနဲ့
“ကံ” ဆိုတဲ့ ဝေါဟာရကမစိမ်းလှတဲ့စကားလုံးပါ။ အဲဒီလိုပဲစီမံခန့်ခွဲရေးဘာသာရပ်ကို လေ့လာခဲ့သူတွေအနေနဲ့လည်း
LOC ဆိုတဲ့ Locus of Control ဆိုတဲ့ အသုံးအနှုန်းကလည်း
သိပ်စိမ်းလှကြမှာ မဟုတ်ပါဘူး။ “ကံ” ကို စေတနာအရင်းခံသော ဆောင်ရွက်မှုရဲ့ရလဒ်လို့ ယေဘုယျသိထားကြတယ်။
ကောင်း တာတွေကို စေတနာကောင်းနဲ့ အရင်းခံဆောင်ရွက်ခဲ့ရင် ကောင်းမှုတွေကို တစ်ချိန်မှာပြန်ပြီး
ခံစားရမယ်။ အဲ သလိုပဲ စေတနာမှားနဲ့ မကောင်းတာတွေကို ဆောင်ရွက်ခဲ့ရင်လည်း တစ်ချိန်မှာမကောင်းတာကိုပြန်ပြီးခံစားရပါ
လိမ့်မယ်။ အဲဒါကိုတူသောအကျိုးပေးလို့ဆိုပါတယ်၊ ဥပမာ-သူတစ်ပါးကျန်းမာပါစေဆိုတဲ့ စေတနာကောင်းနဲ့
ဆေးလှူရင်ကိုယ့်ကျန်းမာရေးလည်းကောင်းတတ်ပြီး၊ အသက်ရှည်တာမျိုးလိုဥပမာပေးနိုင်ပါလိမ့်မယ်၊
ကိုယ်က အင်အားကြီးနေတုန်းအင်အားငယ်တဲ့သူကိုအနိုင်ကျင့်ခဲ့မယ်ဆိုရင်တစ်ချိန်ချိန်မှာကိုယ့်ထက်အင်အားကြီးတဲ့သူက
ကိုယ့်ကိုပြန်ပြီးအနိုင်ကျင့်မှာအသေအချာပါပဲ။
အယ်အိုစီ
LOC ဆိုတဲ့ Locus of control ကို
the perceived site of the controlling influence in a person’s life and
environment လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ပြောရရင် တစ်ဦးတစ်ယောက်အပေါ် သြဇာတစ်စုံတစ်ရာ
သက်ရောက်မှုကို ဘယ်လောက်ထိန်းချုပ်နိုင်သလဲဆိုတာပါပဲ။ စီမံခန့်ခွဲမှုပညာရပ်မှာ ILOC ဆိုတဲ့
Internal Locus of control ဆိုတဲ့ ကိုယ့်စွမ်းရည်ပေါ်မူတည်တဲ့အခြေအနေနဲ့ ELOC ဆိုတဲ့
External Locus of control လို့ဆိုတဲ့ ပတ်ဝန်းကျင်က ကိုယ့်အပေါ်သက်ရောက်တဲ့သြဇာအပေါ်
ဘယ်လောက်ထိန်းချုပ်ဆောင်ရွက်နိုင် သလဲဆိုတဲ့ အခြေအနေနှစ်ရပ်အပေါ်မှာ နှစ်ပိုင်းလေ့လာပါတယ်။
ဒါက တိုက်ရိုက်သဘောပါ၊ သွယ်ဝိုက် သဘောနဲ့ပြောရရင် “ကံ” သဘော ပါဝင်လာပါတယ်။ အဲဒီအဆက်အစပ်ကသိမ်မွေ့လှပါတယ်။
MBA သင်တန်းတက်တုန်းက နိုင်ငံခြားသားဆရာက
အဲဒီအယ်အိုစီအကြောင်း ရှင်းပြပါတယ်။ ပြီးတော့ ILOC ဆိုတဲ့ ကိုယ်လုပ်ရင်ကိုယ်ရတယ် ပြင်ပသက်ရောက်မှုနဲ့သြဇာဟာ
များများမဆိုင်လှဘူး၊ ဒါကြောင့် ကြိုးစားကြဖို့ပဲ အဓိကဖြစ်တယ်ဆိုပြီး ရှင်းပြသွားခဲ့တယ်။
ခေတ်ပေါ်ပညာရပ်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ ကွာခြားချက်အနှစ်သာရကို
အသေအချာစဉ်းစားရင် တွေ့ရပါ လိမ့်မယ်။ခေတ်ပေါ်ဘာသာရပ်တွေက ယေဘုယျအားဖြင့် သီအိုရီပေါ်
အခြေခံပါတယ်။ ဘာသာရေးရှုထောင့်က ပေးတဲ့ ပညာ ဒါမှမဟုတ်အသိတရားကတော့ သဘောတရား (concept)
ပေါ်မှာအခြေခံထားတာ တွေ့ရပါလိမ့် မယ်၊ ရှုထောင့်တစ်မျိုးက ထပ်ပြီးရှင်းပြရရင် ခေတ်ပေါ်ပညာရပ်တွေက
အတတ်ပညာပေါ် အခြေခံပြီး၊ ဗုဒ္ဓ ဘာသာကအသိပညာပေါ် အခြေခံထားတာတွေ့ရပါလိမ့်မယ်။
အယ်အိုစီကို ရှင်းပြတဲ့ နိုင်ငံခြားသားဆရာကို
ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငြင်းချက်လည်း ထုတ်ခဲ့ ပါတယ်။ ငြင်းကြခုံကြရင်းနဲ့ နောက်ဆုံးနားလည်မှုတွေရသွားခဲ့ကြပါတယ်။
သူတို့တွေဆီက ပညာရေးစနစ်က အဲသလိုမျိုး ဖြစ်ပါတယ်။ အဆွေးနွေးခံ၊ အငြင်းခံတဲ့သင်ကြားမှုစနစ်ဖြစ်လို့သူတို့တိုးတက်ကြတာမဆန်းဘူး။
ပတ်ဝန်းကျင်အခြေအနေ
ပတ်ဝန်းကျင်အခြေအနေက အပံ့အပိုးကောင်းတစ်ခုဖြစ်ပါတယ်။
ဒါကြောင့်မို့ “အမှီရှိမှဘုရားပွင့်” လို့ တင်စားခဲ့တာပါ။ တိုးတက်တဲ့နိုင်ငံတွေမှာ
စနစ်ကောင်း၊ ပတ်ဝန်းကျင်ကောင်းတွေ ရှိနေကြပါတယ်။ သူတို့ဆီမှာ အလုပ်ခက်တယ်ဆိုပေမယ့်
တတိယနိုင်ငံ၊ ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့နိုင်ငံတွေမှာ အလုပ်ရှာဖွေရတာခက်ခဲမှုနဲ့ နှိုင်းယှဉ်ရင်
စာမဖွဲ့လောက်ပါဘူး။ ကာယ၀န်ထမ်းဖြစ်ရင်တောင်မှ လူတစ်ဦးရဲ့ အနိမ့်ဆုံးလစာ သတ်မှတ်ထား
ပြီး၊ အဲဒီအနိမ့်ဆုံးလစာကတစ်ဦးတစ်ယောက်ရဲ့ စားဝတ်နေရေးအတွက်လုံလောက်မှုရှိပါတယ်။
အလုပ်အကိုင်ရှာဖွေရတာလွယ်ကူမှု၊ လစာလုံလောက်မှု၊
ကြိုးစားရင် ကြိုးစားသလောက် ခရီးရောက်မှု တွေကြောင့် သူတို့ဆီမှာပတ်ဝန်းကျင်ရဲ့ သြဇာကိုထိန်းချုပ်နိုင်တယ်ဆိုတဲ့အယူအဆရှိနေကြတာပါ။
ဝန်းကျင် ကောင်း၊ အပံ့အပိုးကောင်းကြားမှာ ငယ်စဉ်ကကြီးပြင်းလာခဲ့ကြသူများဆိုတော့ သူတို့အတွက်အထူးအဆန်း
မဟုတ်၊ သြဇာသက်ရောက်မှုအထင်အရှားမဟုတ်ဘူးပေါ့။ ဒါပေမယ့်တတိယနိုင်ငံတွေမှာ တစ်နေ့တစ်ဒေါ်လာ
အောက်ကိုအနိုင်နိုင်ရှာဖွေနေရပြီး၊ နေ့စားလုပ်သားတွေအနေနဲ့လည်း ဘယ်လောက်ကြိုးစား၊ ကြိုးစား
အလုပ် မရတစ်ချက်ရတစ်ချက်အခြေအနေမျိုးကိုကြည့်ရင် ပြင်ပသက်ရောက်မှုအား၊ သြဇာကိုကောင်းကောင်းထိန်းချုပ်
နိုင်စွမ်းမရှိဘူးဆိုတာပေါ်လွင်ပါတယ်။ တစ်နည်းပြောရရင် ကိုယ်ကြိုးစားသလောက်ဖြစ်မလာနိုင်မှုမှာ
“ကံ” တရားက တစ်ပိုင်းတစ်စ ပါဝင်လာနေတာ တွေ့ရမှာဖြစ်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာ အဲဒီအချက်က
ကောင်း ကောင်းကြီး ထင်ရှားပါတယ်။
ပိုထင်ရှားတာကို ဥပမာပေးရရင် ထီဆုကြီးပေါက်တဲ့သူတွေကိုကြည့်ရင်
သိသာပါတယ်။ လူတိုင်း ထီပေါက်ခွင့်မရှိကြပါဘူး။ အမေရိကန်မှာရော၊ တတိယနိုင်ငံတွေမှာရော
ထီဆုကြီးပေါက်တဲ့သူဟာ အင်မတန် ထူးခြားပြီး၊ ပြင်ပသက်ရောက်အား (ကံ/ပတ်ဝန်းကျင်)ဟာ တစ်ခါတစ်ရံ၊
အချို့ကိစ္စတွေမှာ လုံးဝအတိထိန်းချုပ် လို့မရဘူးဆိုတာပေါ်လွင်ပါတယ်။ ထီပေါက်ခြင်းဟာ ပြင်ပသက်ရောက်မှုရဲ့
ထင်ရှားတဲ့ဥပမာတစ်ခုဖြစ်ပြီး၊ ကျောက်အောင်ပြီချမ်းသာလာခြင်းကလည်း လူတိုင်းမရနိုင်တဲ့ကိစ္စတွေပဲဖြစ်ပါတယ်။
သွားတိုင်းခရီးမပေါက်
ကားမရှိတဲ့အရပ်မှာ ခြေလျင်နဲ့ပဲသွားရပါတယ်။
သွားတိုင်း ခရီးမပေါက်နိုင်ပါဘူး။ ပြင်ပသက်ရောက် အား ဒါမှမဟုတ်သြဇာတစ်စုံတစ်ရာလွှမ်းမိုးမှုဖြစ်ပါတယ်။
ဒါကြောင့်လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးအတွက် ရွေးချယ်စရာတွေ၊ရွေးချယ်နိုင်ခွင့်တွေရှိလာအောင်
စနစ်ကောင်းတွေကို ထူထောင်နေကြတာဖြစ်တယ်။ စနစ် ကောင်းတစ်ခုက ပတ်ဝန်းကျင်ကောင်းတစ်ခုကို
ဖန်တီးပေးတယ်။ အဲဒီပတ်ဝန်းကျင်ကောင်းမှာ မွေးဖွားကြီးပြင်း လာကြသူတွေအတွက်လူမှုဒုက္ခ
ရုပ်ပိုင်းဆိုင်ရာဒုက္ခတွေ၊ အခက်အခဲတွေနည်းပါးလာရပါတော့တယ်။ လုပ်တိုင်း ဖြစ်၊ သွားတိုင်းခရီးပေါက်လာကြတော့
သူတို့အနေနဲ့ပြင်ပသက်ရောက်အားကို ထိန်းချုပ်နိုင်ကြတယ်။ သိပ်ပြီး ဂရုစိုက်စရာမလိုဘူး။
အရေးကြီးတာက ကိုယ်ပိုင်အရည်အချင်းရှိဖို့ပဲလိုတယ်ဆိုပြီး ယုံကြည်လာကြတော့တာပါ ပဲ။ Bill
Gates ဟာ အမေရိကန်မှာမွေး၊ အမေရိကန်မှာကြီးပြီး၊ အမေရိကန်မှာအလုပ်လုပ်လို့ ကမ္ဘာ့စူပါသူဌေးကြီး
Bill Gates ဖြစ်လာရတာပါ။ အီသီယိုးပီးယားမှာမွေးပြီး၊ အလုပ်လုပ်ရင်အခုအဆင့်မျိုး မဖြစ်
နိုင်ပါဘူး၊ ပြောချင်တာက ပတ်ဝန်းကျင်ရဲ့ အပံ့အပိုးက အရေးကြီးတယ်။ လွန်ဆန်လို့မရဘူးဆိုတာပါ။
စီမံခန့်ခွဲရေးဘာသာရပ်အများစုဟာ အထူးသဖြင့် ယှဉ်ပြိုင်မှုအပေါ် အခြေခံထားတာကြောင့် တစ်ခါတစ်ခါမှာ
ခက်ထန်မှုတွေ၊ ရန်လိုမှုတွေ၊ အပြိုင်အဆိုင်ပြင်းထန်မှုတွေဖြစ်လာကြပြီး၊ လူတွေရဲ့စိတ်ကိုခပ်ကြမ်းကြမ်း
ဘက် ပြောင်းမှန်းမသိပြောင်းလဲစေတာကို နောက်ပိုင်းမှာပညာရှင်တွေက သတိထားလာမိခဲ့ကြတယ်။
အဲဒီအခါမှာ တချို့ကျောင်းကြီးတွေက ဘာသာရေးရှုထောင့်နဲ့ပြန်ပြီးထိန်းညှိပေးဖို့ ကြိုးစားလာခဲ့ကြတာတွေ့ရပါတယ်။
မျှတခြုံငုံရှုမြင်နိုင်ဖို့
အရေးကြီး
ခြုံငုံရှုမြင်နိုင်ခြင်းဆိုတာ အင်မတန်အရေးကြီးတဲ့
အရည်အချင်းတစ်ပါးဖြစ်ပါတယ်။ ခြုံငုံရှုမြင်မှု မပြုလုပ် နိုင်ရင် ဘယ်တော့မှ အကောင်းဆုံးအဖြေတစ်ခုကို
ရနိုင်မှာမဟုတ်ပါဘူး။ သည်နေရာမှာ သတိထားသင့်တာက တစ်ခါတစ်ရံမှာ ကိုယ့်အတွက်အကောင်းဆုံးဆိုတာက
အားလုံးအတွက်အမျှတဆုံး၊ အကောင်းဆုံး၊ အမှန်ကန် ဆုံးဖြစ်ချင်မှဖြစ်နိုင်တာဆိုတာပါပဲ။
ဒါကြောင့် သာမန်ခြုံငုံရှုမြင်နိုင်တာထက် မျှတခြုံငုံရှုမြင်နိုင်မှု (Balanced
Perspective) ဆိုတာကိုပိုပြီး ဦးစားပေးသင့်တယ်လို့ တိုက်တွန်းချင်လာရတာဖြစ်တယ်။
ဘ၀တစ်ခုကိုဖြတ်သန်းကြတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး
တန်ဖိုးထား၊ အလေးပြုပုံခြင်း မတူညီကြပါဘူး။ တချို့ကငွေကိုပဲ အဓိကထားတာတွေ့ရတယ်။ တချို့က
ဂုဏ်သိက္ခာနဲ့မျှတပြီး စဉ်းစားကြတယ်။ တချို့က ပစ္စုပ္ပန်ကာလ နေပျော်အောင်ပဲစဉ်းစားကြသူတွေရှိနေသလို၊
မျှတခြုံငုံရှုမြင်နိုင်ကြသူတွေ ကျတော့ အတိတ်နဲ့ ပစ္စုပ္ပန်ကိုမျှတပြီး စဉ်းစားကြတဲ့သူတွေလည်း
ရှိကြပါတယ်။ ပစ္စုပ္ပန်သက်သက်ပဲ ကြည့်တတ်ကြသူတွေအတွက် အတိတ်သမိုင်းများစွာကောင်းမှာမဟုတ်လို့
နောင်တလည်းရနိုင်ကြပါလိမ့်မယ်။ မျှတခြုံငုံစဉ်းစားခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။
စီမံခန့်ခွဲမှုဘာသာရပ်ကိုလေ့လာကြသူတွေ၊
လက်တွေ့ကျင့်သုံးလုပ်ကိုင်ကြသူတွေကြားမှာ LOC
ဟာ လည်း အငြင်းပွားစရာတစ်ခုဖြစ်လာတတ်ပါတယ်။ LOC ကို ဖြန့်ကျက်စဉ်းစားနိုင်မယ်ဆိုရင်
မျှတခြုံငုံရှုမြင်တဲ့ စီမံခန့်ခွဲမှုတစ်ခုဖြစ်လာမှာဖြစ်ပြီး၊ အနာဂတ်မမြင်ရတဲ့ အခွင့်အလမ်းတွေကိုလည်း
“ကံ” မွေးမြူခြင်းနဲ့ ထုဆစ် နိုင်မှာဖြစ်ပါတယ်။ ပြင်ပသက်ရောက်မှုကို လုံးဝလှမ်းချုပ်နိုင်တယ်။
ဒါမှမဟုတ် လုံးဝထိန်းချုပ်လို့မရဘူး။ ကိုယ့် အရည်အချင်းကသာအရာရာကို ရာနှုန်းပြည့်အဆုံးအဖြတ်ပေးတယ်ဆိုတဲ့
အယူအဆကိုတရားလွန်၊ အစွန်းပါ အယူအဆနဲ့ခံယူတာက အငြင်းပွားဖွယ်ရာကိစ္စရပ်ဖြစ်တယ်လို့ ယူဆပါတယ်။
ပြင်ပသက်ရောက်အားနဲ့ သြဇာ ဟာ လက်ခံဖွယ်ရာကိစ္စတစ်ခုဖြစ်ပါတယ်။ တတ်နိုင်သလောက်ထိန်းချုပ်နိုင်အောင်
ကြိုးစားတာလည်း ကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ ကိုယ်ပိုင်အရည်အချင်း အရေးကြီးတာမှန်ပေမယ့်လည်း
ပတ်ဝန်းကျင်၊ အခြေအနေ၊ အချိန်အခါတွေနဲ့လည်း တိုက်ရိုက်၊ သွယ်ဝိုက်ပြီး ဆက်စပ်နေပြန်ပါသေးတယ်ဆိုတာကိုလည်း
လက်ခံနိုင်ရမှာ ဖြစ်ပါတယ်။
အဲဒီလိုမျှတစွာ၊ မြော်မြင်စွာ၊ အစွန်းမကျဘဲတွေးခေါ်နိုင်တာကိုကပညာလို့ခေါ်ပါတယ်။
နေဇင်လတ်
၈-၈-၂၀၁၂ (၈၅၈)
Comments
Post a Comment