ခေါင်းဆောင်မှုနှင့် စိတ်စွမ်းအင် (၃)

ကျာ်ဇင် (Futur

ခေါင်းဆောင်မှုနှင့် စိတ်စွမ်းအင် (၃) ဖူးေ

e Wave) vol.2,No.39


ခေါင်းဆောင်တစ်ယောက်ရဲ့အဓိကလုပ်ဆောင်မှုတွေမှာ စိတ်စွမ်း အင်ဟာ အခရာပါပဲ။ "ခေါင်းဆောင်တွေ ဘယ်လိုအလုပ်လုပ်ကြသလဲ" လို့မေးရင် ကျွန်တော်ကတော့ "စိတ်စွမ်းအင်တွေနဲ့  အလုပ်လုပ်ပါတယ်" လို့ ပြန်ဖြေနေ ကြပါပဲ။
  
ခေါင်းဆောင်မှုအကြောင်းကို ကျွန်တော်တို့ ဆွေးနွေးလာခဲ့တာ တော်တော် ကြာပါပြီ။ ခေါင်းဆောင်မှန်ရင် ဘယ်ကိုသွားနေတယ်ဆိုတာသိရမယ်။ သွားနေတဲ့ ပန်းတိုင်ဆီကို တခြားသူတွေပါလာအောင်လည်း ဆွဲဆောင်နိုင် ကြရပါမယ်။ ဒါဟာခေါင်းဆောင်မှုဖြစ်စဉ်ပါပဲ။ အောင်မြင်ကျော်ကြား တဲ့ ခေါင်းဆောင်ကြီးတွေဟာ ပန်းတိုင်ကို အရောက်သွားတဲ့ အခါမှာစိတ်စွမ်း အင်တွေအသုံးပြုကြသလိုတခြားသူတွေ ပါလာအောင် ဆွဲဆောင်တဲ့နေရာ မှာလည်း စိတ်စွမ်းအင်တွေကို အပြည့်အ၀ အသုံးချကြပါတယ်။

ပန်းတိုင်ကို လှမ်းနိုင်မယ့် စွမ်းအင်

အောင်မြင်တဲ့လုပ်ငန်းရှင် သူဌေးကြီးတစ်ဦးကို "ဘယ်အချိန်မှာ ဘယ်လိုများ စတင်အောင်မြင်လာပါသလဲခင်ဗျာ" လို့ သတင်းထောက် တစ်ယောက် ကတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒီအခါမှာသူဌေးကြီးက "ကျုပ်ပန်းခြံထဲက ခုံတန်းရှည်ပေါ်မှာအိပ်နေကတည်းက စပြီးအောင်မြင်တာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျုပ်ဘယ်နေရာမှာရောက်နေတယ်ဆိုတာ သိပြီး ဘယ်ကို အရောက် သွားနေတယ်ဆိုတာကိုသိမြင်နေခဲ့လို့ပေါ့" လို့ပြန်ဖြေပါတယ်။

"ပန်းတိုင်ကိုလှမ်းနိုင်မယ့်စွမ်းအင်" ဆိုတာ ရည်မှန်းချက်ကို ကြိုတွေးမြင် ပြီး အောင်မြင်မယ်လို့ ယုံကြည်နေတဲ့ စိတ်စွမ်းအားပါပဲ။ "စိတ်ထဲမှာတွေး လို့ရပြီး  ယုံကြည်လို့ရတဲ့  အရာဘာမဆိုကို အရယူနိုင်တယ်" လို့ အောင်မြင်ရေးထိပ်တန်း ဆရာကြီးနပိုလီယံဟေးလ်က Think and Grow Rich ဆိုတဲ့ သူ့ရဲ့ စာအုပ်ထဲမှာရေးသားဖော်ပြခဲ့ပါတယ်။ အောင်မြင်ရေး စိတ် ပညာကိုလေ့လာတဲ့အခါမှာ"လူတစ်ယောက်ဟာ သူ့စိတ်ထဲမှာ တွေးရင်တွေး တဲ့အတိုင်းကို ဖြစ်လာတယ်" လို့ ပညာရှင်တွေကထောက်ပြကြပါတယ်။

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် ကိုယ်ဘယ်ကို အရောက်သွားမှာလဲဆိုတဲ့ ပန်းတိုင်ကို ကြိုတွေးပြီးသိမြင်နေဖို့လိုပါတယ်။ အဖွဲ့အစည်းကပန်းတိုင်ကိုမရောက်ခင်မှာ ခေါင်းဆောင်က ပန်းတိုင်ဆီကို စိတ်နဲ့ကြိုတင်ရောက်နေရပါမယ်။ ပန်းတိုင်ရောက်ရှိရေးကို အကြွင်းမဲ့ ယုံကြည်မျှော်လင့်ထားဖို့လည်းလိုပါတယ်။ ခေါင်းဆောင်အနေနဲ့ ထပ်မံ လုပ်ဆောင်ရမှာကဒီယုံကြည်ချက်အတွေးစွမ်းအားကို နောက်လိုက်တွေရဲ့ စိတ်ထဲအပြည့်အ၀ ၀င်သွားအောင် သွင်းပေးရမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်လုပ်သူနဲ့ သူ့ရဲ့အဖွဲ့သားတွေအားလုံးဟာ ခရီးမစတင်ခင်မှာ ပန်းတိုင်ကိုလှမ်းနိုင်မယ့်စွမ်းအင်တွေအပြည့်ရှိနေဖို့ အရေးကြီးပါတယ်။ ဒီစွမ်းအင်တွေဟာ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီကို ရွေ့လျား သွားအောင် တွန်းပို့နေတဲ့မောင်းနှင်အားတွေဖြစ်ပါတယ်။ ဘယ်ကိုအရောက် သွားနေတယ်ဆိုတာကိုနောက် လိုက်တွေသိအောင်၊မြင်အောင်၊ ရှင်းလင်းအောင် လုပ်ရမှာ ဦးဆောင်သူရဲ့တာဝန်ပါ။ "ငါ့နောက်လိုက်ခဲ့ကြ" လို့ပြောပြီးဘယ်ကိုဦးတည်သွားရမှန်းမသိရင်တော့ခေါင်းဆောင် မလုပ်တာ အကောင်းဆုံးပါပဲ။

ညှို့ဆွဲအားနိယာမဖြင့် ဦးဆောင်ခြင်း

စိတ်ဟာစွမ်းအားကြီးတဲ့သံလိုက်တုံးနဲ့တူပါတယ်။ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ အတွေးဆန္ဒနဲ့ကိုက်ညီသမျှဘာကိုမဆို ဆွဲဆောင်ယူတတ်ပါတယ်။ ဒါကို ညှို့ဆွဲအားနိယာမ (Law of Attraction) လို့ခေါ်ပါတယ်။ စာရေးသူ ဖွင့်လှစ် ထားတဲ့အောင်မြင်ရေးသင်တန်းမှာတော့ ဒီဘာသာ ရပ်ကိုအထူးလေ့ကျင့် သင်ကြားပေးပါတယ်။ ဒီနိယာမတရားဟာ စိတ်စွမ်းအင်ရဲ့ဆက်သွယ်ရေး လမ်းကြောင်းကြီးတွေ၊ ဖန်တီးမှုဖြစ်စဉ်သဘော တရားတွေကို ဖော်ပြထား တာဖြစ်ပါတယ်။

လူတစ်ယောက်ဟာစိတ်ထဲကနေ အာရုံပြုတွေးလိုက်တာနဲ့ အဲ့ဒီ အတွေးရဲ့ ဖရီကွမ်စီလှိုင်းတွေဟာခန္ဓာကိုယ်ကနေထွက်သွားပြီး စကြာဝဋ္ဌာ ကွန်ရက် ကြီးနဲ့ စတင်ချိတ်ဆက်သတင်းပို့တော့တာပါပဲ။ ညှို့ဆွဲအား နိယာမရဲ့ တရား အရအတွေးဆန္ဒနဲ့ကိုက်ညီသမျှကိုဆွဲဆောင်တတ်ပါတယ်။ ကောင်းတာတွေ တွေးနေရင် ကောင်းတဲ့ဖရီကွမ်စီလှိုင်းတွေ ထွက်လာပြီး ကောင်းတာတွေကို ဆွဲဆောင်ယူပါတယ်။ မကောင်းတာတွေ တွေးရင် ထွက်လာတဲ့မကောင်းတဲ့ လှိုင်းတွေဟာမကောင်းတာတွေပဲ ဆွဲငင်တော့တာပေါ့။

ဒီနိယာမရဲ့မဖောက်မပြန်မှန်ကန်တဲ့သဘောတရားကတော့"အတွေး တွေဟာဘာမဆိုဖြစ်လာစေတယ်" ဆိုတာပါပဲ။ ဒါကို မယုံတဲ့သူတွေလည်းရှိမှာပါ။ စိတ်အတွေးစွမ်းအင်တွေကိုလျှော့တွက်ထားသူတွေလည်းရှိမှာပါ။ သံသယမဖြစ်ပါနဲ့။ စိတ်တစ်ခုတည်းက နိဗ္ဗာန်ကို ဖြစ်စေသလို ငရဲကို လည်းဖြစ်စေပါတယ်။ ကျွန်တော်တို့အားလုံး ရရှိနေကြတဲ့ ဘ၀တွေ ဟာလည်း စိတ်ကြောင့်ပဲဖြစ်ပေါ်ခဲ့တာပါ။စိတ်ဟာအရာရာအားလုံးကို ဖြစ်စေ ပါတယ်။ စိတ်စွမ်းအင်ဟာ အင်မတန်ဆန်းကြယ်ပါတယ်။

အောင်မြင်တဲ့ ခေါင်းဆောင်တိုင်းလိုလိုဟာ ဒီသဘောတရားကို နားလည်လို့ ပဲဖြစ်စေနားမလည်ဘဲဖြစ်စေအသုံးပြုနေကြတာပါ။ သူတို့တွေ ဟာ ခေါင်းဆောင်ဆိုပြီးဖြစ်မလာခင်ကတည်းကသူတို့ကိုယ် သူတို့ ခေါင်းဆောင် တစ်ယောက်လို့ တွေးမြင်ထားပြီးသားပါ။အခက်အခဲတွေ ကို ရင်ဆိုင်မတွေ့ကြုံမီကတည်းက ကျော်လွှားဖြေရှင်းနိုင်မယ်လို့ ကြိုတွေး ထားပြီးသားပါ။ ခရီးမစတင်မီကတည်းက ပန်းတိုင်ကိုရောက်နေပြီလို့ ကြိုတွေးထားပြီးသားပါ။မအောင်မြင်မီကတည်းကအောင်မြင်သူတစ်ယောက် လို့ မြင်ယောင်နေပြီးသားပါ။ ခေါင်းဆောင်ကြီးတွေဟာ ညှို့ဆွဲအား နိယာမ ကို နေ့စဉ်အသုံးပြုပြီး ဦးဆောင်နေကြတာဖြစ်ပါတယ်။

လူအများစု မအောင်မြင်ကြတာ၊ ခေါင်းဆောင်အဖြစ်မရပ်တည်နိုင်ကြတာ၊ ချမ်းသာကြွယ်ဝတဲ့ဘ၀ကိုမရရှိကြတာဟာသူတို့တွေးတဲ့ အတွေး တွေ မှားယွင်းနေလို့ပါ။ အောင်မြင်မှုကိုကြိုတွေးမြင်ရမယ့်အစား ရှုံးမှာ ကြောက်ပြီး ဆုံးရှုံးမှုကိုသာ တွေးမြင်နေကြလို့ဖြစ်ပါတယ်။ "လုပ်နိုင်မယ်" လို့ တွေးရမယ့် အစား "လုပ်နိုင်ပါ့မလား" လို့ တွေးမြင်နေလို့ ဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝမှု ကို တွေးမြင်နေရမယ့်အစား "မဖြစ်နိုင်ပါဘူး၊ ဒါငါ့ရဲ့ ကံပဲလေ" ဆိုပြီး ဆင်းရဲ မှုကိုပဲလက်ခံရောင့်ရဲနေလို့ဖြစ်ပါတယ်။ သူတို့ဟာ သူတို့မှာရှိတဲ့ စိတ်စွမ်း အင်တွေကိုတစ်ခါမှသတိမပြုမိကြသလို တစ်ခါမှ လည်းထုတ်မသုံးခဲ့ကြ ပါဘူး။ ထုတ်သုံးလို့ရကောင်းမှန်းလည်း မသိကြတဲ့ အတွက်လည်းဖြစ် ပါတယ်။

ဒီလိုလူတွေနဲ့ ပတ်သက်လို့ ကျွန်တော် ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် နဲ့ သာဓက ပြပါမယ်။

ရွာတစ်ရွာမှာ အင်မတန် ဆင်းရဲမွဲတေပြီး ခေတ်နောက်ကျလွန်းတဲ့ လင် မယားနှစ်ယောက်ဟာ အိမ်သစ်လေးတစ်လုံးမှာ နေထိုင်ကြပါတယ်။ သူတို့ရဲ့ အိမ်လေးထဲမှာ လျှပ်စစ်မီးတပ်ဆင်ထားတာကို တအံ့တသြ ဖြစ်နေကြတယ်။ သူတို့ဟာ လျှပ်စစ်မီးဆိုတာကိုမသုံးစွဲဖူး၊ မမြင်ဖူးကြပါဘူး။ ဒီတော့သူတို့ အိမ်လေးမှာ ဖယောင်းတိုင်း(၈)တိုင်အားနဲ့ညီတဲ့ အလုံးလေး တစ်လုံးလင်း ထိန်နေတာကိုတွေ့တော့ရင်သပ်ရှုမောအံ့သြနေကြတာပေါ့။

ဒီလိုနဲ့ လပေါင်းတော်တော်ကြာသွားတော့ လျှပ်စစ်မီးလုံးဆိုတာ ခေတ်မီ တဲ့ဘ၀ရဲ့ အသုံးအဆောင်အဖြစ် လက်သင့်ခံလာကြပါတယ်။ တစ်နေ့မှာ သူတို့အိမ်ကိုအရောင်းကိုယ်စားလှယ်တစ်ယောက် ရောက်လာပါတယ်။ အရောင်းသမားကသူတို့ကိုမကြာခင်ကမှ ဈေးကွက်ထဲရောက် ရှိလာတဲ့ ဖယောင်းတိုင်(၆၀)အားနဲ့ ညီတဲ့လျှပ်စစ်မီးသီးကို ၀ယ်ယူသင့်ကြောင်း၊ လက်ရှိအသုံးပြုနေတဲ့ (၈)တိုင်အားသာရှိတဲ့ မီးသီးဟာ လိုသလာက် အလင်းရောင်မပေးနိုင်ကြောင်း အပြောအဆိုကောင်းကောင်းနဲ့ ရှင်းပြပါတယ်။

ဒီအခါမှာ နည်းနည်းခေတ်မီလာပြီးနည်းနည်းကလေး ဆန်းသစ်ချင် နေတဲ့ ဇနီးမောင်နှံက အရောင်းသမားကမ်းလှမ်းလာတဲ့ ပစ္စည်းသစ်ကို စမ်းကြည့်ဖို့  သဘောတူလိုက်ကြပါတယ်။ အရောင်းသမားက မီးသီးကို မီးခေါင်းမှာတပ်ပြီး မီးခလုတ်ဖွင့်လိုက်တာနဲ့ဆင်းရဲသားလင်မယား နှစ်ယောက်ဟာပါးစပ် အဟောင်း သားနဲ့ အံ့သြမှင်သက်သွားတာပေါ့။ မီးသီး အသစ်ကသူတို့အခန်း တစ်ခုလုံးကိုလင်းထိန်သွားစေတာကိုး။ ခေတ်နောက် ကျနေတဲ့လင် မယားနှစ်ယောက်ကတော့သူတို့ရဲ့စိတ်ကူးယဉ်အိပ်မက်ထဲမှာတောင် အခုလိုအလင်းတန်းကြီး ထုတ်လို့ရရင်ကောင်းမှာပဲလို့တောင် မတွေးခဲ့ဖူး ပါဘူး။ လောကကြီးထဲမှာ ဒီလိုအလင်းရင်းမြစ်ကြီး ထုတ်ယူလို့ရတဲ့ သဘော တရားတွေရှိနေတာလည်း တစ်ခါမှမသိခဲ့ဘူးပေါ့။

ဒီလင်မယားနှစ်ယောက်ရဲ့ လျှပ်စစ်မီးသီးနဲ့ ပတ်သက်လို့ နုံအပုံကို ကြည့်ရင် ရယ်ချင်စရာကောင်းပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ လူအများစု ဟာ စိတ်စွမ်းအင်နဲ့ပတ်သက်လာရင်လည်း ဒီလင်မယား နှစ်ယောက် လို ဖြစ်နေကြပါတယ်။ စိတ်မှာစွမ်းအင်တွေထုတ်လို့ရကောင်းမှန်းသတိ မထားမိကြပါဘူး။ မီးသီးအလင်းအားခပ်မှိန်မှိန်နဲ့ စွမ်းအင်မဲ့ အလုပ်တွေ လုပ်နေကြတဲ့သူတွေ အများကြီးပါ။ တစ်ယောက်ယောက်က စွမ်းအားပြည့် စိတ်အလင်းတန်းကြီးထုတ်လိုက်တဲ့အခါမှာ"သူတို့တွေကဘယ်လိုအောင်မြင် သွားတာလဲ" ဆိုပြီး ပါးစပ်အဟောင်းသားနဲ့ မှင်သက် နေကြမှာပါ။

အောင်မြင်သူတွေ၊ ခေါင်းဆောင်ကြီးတွေကတော့ သူတို့ရဲ့ စိတ်စွမ်းအင် ကနေ အလင်းစွမ်းအားကြီးတွေ ထွက်ပေါ်စေပြီးပတ်ဝန်းကျင်ကိုလင်းထိန်စေ တဲ့သူတွေပါပဲ။ သာမန်သူတွေက ဒီလိုပြုမှုကျင့်ကြံဖို့ သတိတောင် မရကြ ပါဘူး။ ဒီအစားစွမ်းအားချို့တဲ့တဲ့အတွေးတွေ၊ သံသယ စိတ်တွေ၊ ကြောက် စိတ်တွေနဲ့ အလင်းအားမှိန်မှိန် အိမ်ကလေးထဲမှာ တစ်သက်လုံးနေသွား ကြပြီးပတ်ဝန်းကျင်ကိုလည်းဘာအလင်းမှ မပေးနိုင်ကြပါဘူး။

ဒါကြောင့်ကိုယ့်ရဲ့စိတ်စွမ်းအင်ကိုစွမ်းအားတွေထွက်ပေါ်လာအောင် လေ့ ကျင့်ပြီး မိမိနဲ့မိမိရဲ့ ပတ်ဝန်းကျင်ကို အလင်းရောင်ကောင်းတွေ ပေးစွမ်းနိုင် မယ့် စိတ်စွမ်းအားရှင် ခေါင်းဆောင်ကြီးတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Let's Fly Together!
ဖူးကျော်ဇင်  (Future Wave)

Comments

Popular posts from this blog