ခေါင်းဆောင်နှင့် သြဇာလွှမ်းမိုးနိုင်မှု (၂)

ဖူးကျော်ဇင် (Future Wave)

JOB seekers Journal vol.2,no.35

ခေါင်းဆောင်မှုကို အစစ်အမှန်ဆုံး တိုင်းတာနိုင်တဲ့ အချက်ကတော့ သြဇာ လွှမ်းမိုးထားနိုင်မှုပါပဲ။ ခေါင်းဆောင်ရာထူး ခန့်အပ်ထားခြင်း ခံရပေမယ့် အများကို သြဇာလွှမ်းမိုးနိုင်မှုမရှိရင် စစ်မှန်တဲ့ ခေါင်းဆောင်မဖြစ်ပါဘူး။ ဒါကြောင့် ခေါင်းဆောင်ကောင်းဖြစ်လိုသူတိုင်းဟာ သြဇာလွှမ်းမိုးမှုကိုလေ့ ကျင့် ပျိုးထောင်ယူရပါလိမ့်မယ်။ လွှမ်းမိုးမှုဆိုတာ လေ့ကျင့်ပျိုးထောင်လို့ ရတဲ့ ကျွမ်းကျင်မှုတစ်မျိုးပါပဲ။

သြဇာရှိတဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ် လာစေဖို့ “သုံးပွင့်ဆိုင်အင်အား” ဆိုတဲ့ ခေါင်းဆောင်မှုအရေးသုံးပါးဆိုတာ ရှိပါတယ်။ ဒီ “သုံးပွင့်ဆိုင် အင်အား” မှာပါဝင်တဲ့ ခေါင်းဆောင်မှုအရေးသုံးပါး ကတော့ ဆက်သွယ်ရေး၊ အသိအမှတ်ပြုရေးနဲ့ လွှမ်းမိုးရေးတို့ပဲဖြစ်ပါတယ်။

ဆက်သွယ်ရေး

ပထမအဆင့်အနေနဲ့ ခေါင်းဆောင်တိုင်းဟာ ထိရောက်စွာ ပြောဆို ဆက်သွယ်ရေးကို အလေးထားလုပ်ဆောင်ရပါလိမ့်မယ်။ ခေါင်းဆောင်ရဲ့ လူမှုဆက်ဆံရေးနဲ့ ထိရောက်တဲ့ ပြောဆိုဆက်သွယ်ရေးတို့ဟာ သြဇာလွှမ်း မိုးနိုင်မှု ဖြစ်စေမယ့် အခြေခံအချက်ပဲဖြစ်ပါတယ်။ ခေါင်းဆောင်မှု ဆိုတာ ပုံမှန်လည်ပတ်နေရုံနဲ့ ရှင်သန်အားကောင်းလာတာ မဟုတ်ပါဘူး။ အဓိပ္ပါယ်ပြည့်ဝတဲ့ အပြန်အလှန်ဆက်ဆံရေးမျိုးရှိတဲ့အခါမှသာ တိုးတက် ကောင်းမွန်လာတာပါ။

ဆက်သွယ်ရေး ညံ့ဖျင်းတဲ့ခေါင်းဆောင်တိုင်းဟာအားပြင်းတဲ့ လွှမ်းမိုးမှုကို ဘယ်တော့မှရရှိနိုင်မှာ မဟုတ်ပါဘူး။ ဆက်ဆံရေးမကောင်းတဲ့ ခေါင်းဆောင် ကို ဘယ်သူမှမနှစ်သက်ကြပါဘူး။ လူတွေဟာ သူတို့မနှစ်သက်တဲ့လူရဲ့ စကားကို နားထောင်ကြမှာမဟုတ်သလို အတူတကွ လိုက်ပါ လုပ်ဆောင်ချင် ကြမှာလည်း မဟုတ်ပါဘူး။ အပြန်အလှန် ဆက်သွယ်မှု ကောင်းမှသာ ရေ ရှည်တည်တံနိုင်ပြီး အဖွဲ့အစည်းရဲ့ စွမ်းအားလည်း အားကောင်းမှာဖြစ်ပါ တယ်။

အသိအမှတ်ပြုရေး

ခေါင်းဆောင်ရဲ့ ကောင်းမွန်ထိရောက်တဲ့ ဆက်သွယ်မှုဟာ ဒုတိယ အင်အားဖြစ်တဲ့အသိအမှတ်ပြုမှုဆီကို ဦးတည်စေပါတယ်။ ခေါင်းဆောင် ရဲ့ ဆက်သွယ်မှုဟာ အသိအမှတ်ပြုမှုကို ဖြစ်စေတာပါပဲ။ လူတွေဟာ သူတို့ကို အသိအမှတ်ပြုတဲ့သူကိုမှ သူတို့က ပြန်လည်အသိအမှတ်ပြုတာ ဖြစ်ပါတယ်။ လွှမ်းမိုးမှုကိုပိုင်ဆိုင်ချင်ရင်တစ်ဖက်သားကိုအသိအမှတ်ပြုပေးရမယ်၊ ချီးမွှမ်းပေးရမယ်၊ ဂုဏ်ပြုပေးရမယ်။ တစ်ဖက်သားရဲ့ နှလုံးသားကို ပိုင်ဆိုင် လိုရင် အရင်ဆုံးတော့ ကိုယ့်နှလုံးသားကို အရင်ပေးလိုက်တာပါပဲ။

လွှမ်းမိုးရေး

ဒီလို အသိအမှတ်ပြုမှုဟာ တတိယအင်အားဖြစ်တဲ့ လွှမ်းမိုးမှုဆီ ဦးတည် လာစေပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့လွှမ်းမိုးနိုင်မှုအစွမ်းအစတွေ၊ ဦးဆောင်နိုင်တဲ့ အစွမ်းအစတွေကို တိုးတက်လာ အောင် လေ့ကျင့် ယူနိုင်ပါတယ်။ ဒီ “သုံးပွင့်ဆိုင်အင်အား” ကို ကောင်း ကောင်းယုံကြည်ပြီး လွှမ်းမိုးမှုတွေကို တိုးမြှင့်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ လူတစ်ယောက်ကို ထိရောက်စွာပြောဆိုဆက်သွယ်ပြီးမှန်ကန်စွာ အသိအမှတ်ပြုမှ သူ့နှလုံးသား ကို လွှမ်းမိုးလာနိုင်မှာ ဖြစ်ပါတယ်။ လူထုကြီးကို သြဇာလွှမ်းမိုးနိုင်မှုဟာလည်း ဒီ “သုံးပွင့်ဆိုင်အင်အား” နဲ့ ဆက်သွယ်မှု ကြောင့်ပါပဲ။

ခေါင်းဆောင်မှုနဲ့ သြဇာလွှမ်းမိုးမှုအကြောင်းကို ပြောတဲ့အခါမှာ “ရာထူးအဆင့်ကြောင့်လွှမ်းမိုးနိုင်မှုဖြစ်ထွန်းလာတာလည်း ရှိတယ်မလား” လို့ တချို့က မေးကြပါတယ်။ မှန်ပါတယ်၊ ရှိပါတယ်။ ရာထူးနေရာရလို့ ဖြစ်လာ တဲ့ ခေါင်းဆောင်မှုဟာ ရာထူးနဲ့အဆင့်နဲ့ဆက်နွှယ်ပြီးသာ လွှမ်းမိုး နိုင်ပါ တယ်။ ရာထူးနဲ့ လွှမ်းမိုးတာ၊ အာဏာပြလွှမ်းမိုးတာတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒါတွေဟာ တကယ့်ခေါင်းဆောင်အရည်အချင်းတွေနဲ့ အစားထိုး လို့မရပါဘူး။ တကယ့်ခေါင်းဆောင်မှုရဲ့ သြဇာလွှမ်းမိုးမှုစွမ်းရည် ဆိုတာ ရာထူးအာဏာ ရှိတာတစ်ခုထက် ပိုပါတယ်။

ရာထူးအဆင့် (Position) ရှိမှ သြဇာအရှိန်အ၀ါ ရှိတာမဟုတ်ပါဘူး။ သြဇာ လွှမ်းမိုးမှု (Influence) ရှိမှ သြဇာအရှိန်အ၀ါ ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် သြဇာအရှိန်အ၀ါရှိတဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာစေဖို့သြဇာလွှမ်းမိုးမှု (Influence) ကိုလေ့ကျင့်တည်ဆောက်ရပါလိမ့်မယ်။ ဒီလိုတည်ဆောက်နိုင် ဖို့အတွက် (I.N.F.L.U.E.N.C.E) ဆိုတဲ့သြဇာ ဖြစ်တည်ရေးအချက် (၉) ချက် ကို လေ့ကျင့်ပျိုးထောင်နိုင်စေဖို့အတွက် တင်ပြလိုပါတယ်။

သြဇာဖြစ်တည်ရေး အချက် (၉) ချက်

(I.N.F.L.U.E.N.C.E)

Integrity (ဖြောင့်မတ်တည်ကြည်ပါ)

ဖြောင့်မတ်တည်ကြည်မှုမရှိတဲ့ ခေါင်းဆောင်ဟာယုံကြည်မှု တည်ဆောက်နိုင် မှာမဟုတ်ပါ။ မယုံကြည်ထိုက်တဲ့ ခေါင်းဆောင်ဟာ အများကို မလွှမ်းမိုးနိုင်ပါ။ ဒါကြောင့်ဖြောင့်မတ်တည်ကြည်ခြင်းဟာ ခေါင်းဆောင် တိုင်းအတွက် အရေး ကြီးပါတယ်။ အဖွဲ့အစည်းနဲ့ အဖွဲ့သားတွေပေါ်မှာ ဖြောင့်မတ်တည်ကြည် သစ္စာရှိဖို့ ကြိုးစားပါ။

Nurturing (ပြုစုပျိုးထောင်ပါ)

ခေါင်းဆောင်တိုင်းဟာ ဥယျာဉ်မှူးစိတ်ဓါတ်ရှိရမှာဖြစ်ပါတယ်။ ကိုယ့်အဖွဲ့မှာ ရှိတဲ့ လူတစ်ယောက်ချင်းစီကို ပြုစုပျိုးထောင်ပေးပါ။ အဖွဲ့သားတွေရဲ့ ကျွမ်း ကျင်တတ်မြောက်မှုကိုလိုလားပါ။ လေ့ကျင့်သင်ကြားပေးပါ။ မြေတောင်မြှောက်ပေးလိုစိတ်လည်း ရှိရမှာဖြစ်ပါတယ်။ လူတွေ ဟာသူတို့ကိုတော်စေ တတ်စေလိုတဲ့သူတွေကို ချစ်ခင်နှစ်သက်ကြပါတယ်။

Faith (ယုံကြည်မှုထားပါ)

လူတွေကိုသြဇာသက်ရောက်ချင်ရင်လူတွေအပေါ် ယုံကြည်မှုထား ရမှာဖြစ် ပါတယ်။ အဖွဲ့သားတွေကို ယုံကြည်ပါ။ သူတို့ကိုသူတို့လည်းယုံကြည် မှုဖြစ်ပေါ်လာစေရန် အားပေးပါ။ ယုံကြည်မှုတွေ တည်ဆောက် ပေးနိုင် တဲ့ ခေါင်းဆောင်မှသာ သြဇာလွှမ်းမိုးမှုရှိနိုင်မှာဖြစ်ပါတယ်။

Listening (နားထောင်ပေးပါ)

ခေါင်းဆောင်တွေဟာ ကိုယ်ကချည်းပဲ ပြောဆို ညွှန်ကြားနေရတာ မဟုတ်ပါ ဘူး။ လူတွေရဲ့ စကားသံတွေ၊ ရင်တွင်းခံစားချက်တွေကိုပါ နားထောင်ပေး ရမှာဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတိုင်းဟာပါးစပ်နဲ့ပဲ ဦး ဆောင်ရတာ မဟုတ်ပါဘူး။ နားနဲ့ပါ ဦးဆောင်တဲ့သူတွေလည်းဖြစ်ကြပါတယ်။ ကိုယ့်လူတွေရဲ့ပြောစကားတွေကိုအလေးထားနားထောင်ပေးတာ၊ တန်ဖိုး ထားအသိအမှတ်ပြုပေးတာဟာအစွမ်းထက်တဲ့လွှမ်းမိုးနိုင်မှုစွမ်းရည်ပါပဲ။

Understanding (နားလည်မှုရှိပါ)

အပြန်အလှန်နားလည်မှုရှိခြင်းဟာလွှမ်းမိုးနိုင်မှုဖြစ်စဉ်မှာအရေးကြီး တဲ့ အချက်ဖြစ်ပါတယ်။ တဖက်သားကို နားလည်မှုပေးရမယ်။ ကိုယ်ချင်း စာတရားထားရမယ်။ တခြားသူတွေရဲ့ ရှုထောင့်က တွေးမြင်ပေးရမယ်။ လူတွေရဲ့အကြောင်းကိုလည်းနားလည်သိမြင်ရမှာဖြစ်ပါတယ်။ ဒီလိုနားလည် မှုပေးနိုင်ခြင်းဟာလူတွေကိုနှလုံးသားနဲ့ချည်နှောင်ထားလိုက်တာ ဖြစ်ပါတယ်။

Enlarging (ကြီးထွားလာပါစေ)

လူများကိုတိုးတက်ဖွံ့ဖြိုးလာအောင် ကူညီပေးရမှာဖြစ်ပါတယ်။ တစ်ဖက် သားကို ကြီးထွားလာအောင်၊ မြင့်မားလာအောင် ကူညီပံ့ပိုးပေး သူဟာမိမိ ကိုယ်ကို မြင့်မားတိုးတာလာအောင် လုပ်နေတာနဲ့ အတူတူပါပဲ။ ကိုယ် ဦးဆောင်နေတဲ့ အဖွဲ့သားတွေကို ကြီးထွားလာစေတာဟာ ကိုယ့် အဖွဲ့အ စည်းကို ကြီးထွားလာစေတာပါပဲ။

Navigating (လမ်းညွှန်ပြသပါ)

ခေါင်းဆောင်ဟာ ပန်းတိုင်ကို သိမြင်နေရပါမယ်။ သိမြင်နေရုံ သာမက ပန်းတိုင်ကိုလည်းသွားနေရပါမယ်။ သွားနေရုံသာမကတခြားသူ တွေကို လည်း လမ်းညွှန်ပြသပေးနေရပါမယ်။ အခက်အခဲတွေကြားက လွတ်မြောက်အောင်လည်း လမ်းညွှန်ပေးနိုင်ရမယ်။ ကောင်းတဲ့အရာတွေ လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းပေးနိုင်ရမှာပါ။ မှန်ကန်တဲ့လမ်း ကို ညွှန်ကြားပြသနိုင်ဖို့တော့ သိပ်အရေးကြီးပါတယ်။

Connecting (ဆက်သွယ်မှုပြုလုပ်ပါ)

ဆက်သွယ်မှုဟာ ခေါင်းဆောင်မှု အရေးသုံးပါးဖြစ်တဲ့ “သုံးပွင့်ဆိုင် အင်အား” ရဲ့ ပထမအချက်ဖြစ်ပါတယ်။ ဆက်သွယ်မှုဟာ အသိအမှတ် ပြုမှုဆီကိုဦး တည်တယ်။ အသိအမှတ်ပြုမှုဟာ လွှမ်းမိုးမှုကို ဦးတည်တယ်။ ဒါကြောင့် အပြုသဘောဆောင်တဲ့ဆက်သွယ်မှုတွေကိုအမြဲပြုလုပ်ဖို့လိုပါအပ်တယ်။

Empowering (လုပ်ပိုင်ခွင့်အာဏာလွှဲပြောင်းပါ)

သြဇာကြီးမားတဲ့ ခေါင်းဆောင်တိုင်းဟာ လုပ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထား တဲ့ သူတွေမဟုတ်ကြပါဘူး။ သူတို့တွေဟာတခြားသူတွေကိုခေါင်းဆောင်မှု အမွေလွှဲပြောင်းပေးလေ့ရှိကြပါတယ်။ ဦးဆောင်မှု အရည်အချင်းတွေကို မျှဝေပေးကြပါတယ်။သူဦးဆောင်နေတဲ့နောက်လိုက်တွေကို ခေါင်းဆောင် တွေ ဖြစ်လာစေပါတယ်။ ဒီလိုနည်းနဲ့ သူတို့ဟာ နောက်လိုက်တွေ ရဲ့ ခေါင်းဆောင်မဟုတ်ဘဲ ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင် ဖြစ်လာပြီး သြဇာတိက္ကမ ကြီးမားလာတော့တာပဲဖြစ်ပါတယ်။

Let's Fly Together!
ဖူးကျော်ဇင် (Futue Wave)
— with Saw Shwe Htay.

Comments

Popular posts from this blog