အိမ်ထောင်ဖက်ရှာပုံပမာ အလုပ်ရှာဖို့လိုတယ်
အိမ်ထောင်ဖက်ရှာပုံပမာ အလုပ်ရှာဖို့လိုတယ် (ဆရာသုတ)
တစ်ခါက လူသူမနီး တောကြီးထဲက မြစ်ကမ်းနံဘေး
တစ်နေရာမှာ လောကီတန်ခိုးတွေရနေတဲ့ ရသေ့ကြီးတစ်ပါး နေပါသတဲ့။ တစ်နေ့တော့
ရသေ့ကြီး လောကီတန်ခိုးတွေကို လေ့ကျင့်နေချိန်မှာ အနားကကြွက်တွင်းထဲမှာနေတဲ့
ကြွက်ကလေး တစ်ကောင်ထွက်လာ ပြီး နေပူစာလှုံတယ်။ ကြွက်ကလေးကို ကောင်းကင်
အမြင့်ကြီးမှာ ပျံနေတဲ့ စွန်ငှက်တစ်ကောင်ကမြင်လို့ ထိုးသုတ်ဖို့
ချိန်ရွယ်နေတာကို ကြွက်ကလေးက မသိရှာဘူး။ ရသေ့ကြီးက ထိုင်နေရင်း ဒီကြွက်ကလေး
ငါမကယ်ရင် သေတော့မှာပဲဆိုပြီး စွန်ငှက် မထိုးသုတ်နိုင်အောင် “လူအဖြစ်ကို
ပြောင်းစေ” လို့ ရုတ်ချည်း တန်ခိုးဖန်ဆင်း လိုက်ပါသတဲ့။ ကြွက်ကလေးက
အမကလေးဆိုတော့ လူမိန်းကလေးအဖြစ်ကို ပြောင်းလဲသွားတယ်။
အဲဒီကြွက်ကလေးတစ်ဖြစ်လဲ မိန်းကလေးကို မကြွက်လို့ဘဲခေါ်ကြပါစို့။
စွန်ငှက်အစားခံရမယ့်ဘေးရန်က လွတ်မြောက်သွားလို့ မကြွက်က ရသေ့ကြီးကို
ကျေးဇူးတင်ပြီး ရသေ့ကြီးရဲ့သမီးအဖြစ် ဝေယျာဝစ္စတွေလုပ်ပြီးနေရင်း အင်မတန်
ချောမောလှပတဲ့ မိန်းကလေး ဖြစ်လာပါသတဲ့။ ရသေ့ကြီးရဲ့ သမီးဆိုပြီး မကြွက်ကို
လက်ဆက်ချင်သူတွေလည်း အများကြီးပေါ်လာတယ်။ အဲဒီထဲမှာ တစ်လောကလုံးကို
အလင်းရောင်နဲ့ အပူဓာတ်ပေးနေတဲ့ နေနတ်သား၊ မိုးရွာဖို့နဲ့ နေနတ်သားရဲ့
အပူချိန်ကို ထိန်းညှိပေးဖို့ တာဝန်ယူထား တဲ့ တိမ်နတ်သားနဲ့
မြေတွေအများကြီးပိုင် တဲ့ တောင်မင်းတို့လည်း ပါသတဲ့။
မကြာပါဘူး။ ရသေ့ကြီးက စဉ်းစားတယ်။ “ငါလို ဈာန်အဘိညာဉ်တွေ ရနေတဲ့ ရသေ့က သမီးမိန်းကလေးနဲ့ အတူနေထိုင်တာ မသင့်တော်ဘူး။ မကြွက်ကို သူ့အိုးသူ့အိမ်နဲ့ နေနိုင်အောင် အိမ်ထောင်ချထားပေး ရရင် ကောင်းမယ်” ဆိုပြီး မကြွက်နဲ့ သင့်တော်မယ့် သတို့သားကို ရှာဖွေတယ်။ စစချင်း အလုပ်ကြီးအကိုင်ကြီး လုပ်နေတဲ့ နေနတ်သားနဲ့ သင့်တော်မလားဆိုပြီး နေနတ်သားအဖူးမျှော် လာတဲ့အခါ မကြွက်ကို ခေါ်ပြတယ်။ မကြွက်က “ဖခင်ရသေ့ကြီး နေနတ်သားက အပူရှိန် ပြင်းလွန်းလို့ သူ့အနားမှာ နေရတာနဲ့တင်သမီး သေရပါလိမ့်မယ်” လို့ ပြောတယ်။
ရသေ့ကြီးက ဒါဆိုလည်း နေကို ဖုံးကွယ်ထားနိုင်အောင် စွမ်းတဲ့ တိမ်နတ်သားလာရင် ခေါ်ပြဦးမယ်လို့ ပြောတယ်။ မကြွက်ကလည်း တိမ် နတ်သားအလာကိုတောင်မစောင့်တော့ဘဲ “ဖခင်ရသေ့ကြီး တိမ်နတ်သား က အိုးနဲ့အိမ်နဲ့ အတည်တကျမှမရှိတာ။ သွားချင်ရာ လျှောက်သွားနေတဲ့ ဥစ်္စာ။ သမီးကို ထားရစ်ပြီး လုပ်ချင်ရာ လုပ်နေမှာပေါ့” တဲ့။
ရသေ့ကြီးလည်း ဒါဆို တိမ်နတ်သားကို တားထားနိုင်တဲ့ တောင်မင်း ကို ခေါ်လိုက်မယ်ဆိုပြီး တောင်မင်းအဖူးမျှော်လာစေလို့ ခေါ်လိုက်ပါ သတဲ့။ မကြွက်က တောင်မင်းကိုလည်း မြင်ရော “အမလေး ဒီလောက် ၀ိတ်ကြီးနဲ့။ သူနဲ့သာဆို သမီး ပိပြားပြီး အသက်ထွက်သွားမှာပေါ့” လို့ ခါးခါးသီးသီး ငြင်းပါတယ်။ ရသေ့ကြီးလည်း နောက်ဆုံး ကြံရာမရတာနဲ့ “နေနတ်သား၊ တိမ်နတ်သားတို့ထက် ပိုစွမ်းတယ်ထင်လို့ မင်းကို ခေါ်တာ၊ မင်းထက် စွမ်းတဲ့သူရော ရှိသေးလား” လို့ တောင်မင်းကို မေးတယ်။ တောင်မင်းက “ရသေ့ကြီး ကျွန်တော်မျိုးကို အောက်က ဖောက်ဝင်လိုက်၊ ဘေးကဖောက်ဝင်လိုက်၊ အထက်က ဖောက်ဝင်လိုက်၊ ထင်သလိုလုပ်နေ တဲ့သူရှိပါတယ်။ အခြားသူမဟုတ်ပါဘူး။ တွင်းထဲမှာ နေတဲ့ ငကြွက်ပါပဲ” လို့ တင်လျှောက်တယ်။
ငကြွက်ဆိုတဲ့ နာမည်ကို ကြားတာနဲ့တင် မကြွက်ရဲ့ မျက်နှာမှာ နှစ်သက်တဲ့ အမူအရာပေါ်လာတာကို ရသေ့ကြီးကမြင်တယ်။ ဒါနဲ့ ငကြွက်ကိုခေါ်ပြီး မကြွက်နဲ့ပေးတွေ့လိုက်တယ်။ အဲဒီမှာငကြွက်နဲ့မကြွက် မြင်မြင်ချင်း တစ်ဦးနဲ့တစ်ဦး စုံမက်နှစ်သက်ကြလို့ ရသေ့ကြီးလည်း သမီး မကြွက်ကိုငကြွက်နဲ့ နေရာချထားပေးပြီး စိတ်ချလက်ချတန်ခိုးအဘိညာဉ် နဲ့ သမာဓိ လေ့ကျင့်တဲ့ အလုပ်ကို ပြန်လုပ်နိုင်သွားပါသတဲ့။
ဒီအိန်္ဒိယ ပုံပြင်ကလေးရဲ့မူလပေးလိုရင်းသင်ခန်းစာကတော့ အပေါ်ယံ ပကာသနတွေ ဘယ်လို ဖုံးကွယ်နေပေမယ့် ဘ၀မှာ အလှည့်အပြောင်း ဖြစ်လောက်အောင် တကယ်အရေးကြီးလာတဲ့အခါ အတွင်းသဏ္ဍာန်မှာ ရှိနေတဲ့ စိတ်ရင်းအမှန် ပေါ်စမြဲပဲဆိုတာ သိစေလိုရင်း ဖြစ်ပါတယ်။ ရသေ့ကြီး ကယ်ထားတဲ့ ကြွက်မကလေးဟာ ရသေ့ကြီးရဲ့တန်ခိုးနဲ့ ဘယ် လိုပဲ အချောဆုံး အလှဆုံး မိန်းကလေးအသွင် ဖြစ်နေသည့်တိုင် သူ့ရဲ့ အတွင်းသဏ္ဍာန်မှာတော့ ကြွက်မကလေးသာဖြစ်တဲ့အတွက် အိမ်ထောင် ဖက်လည်းရွေးရော ကြွက်ထီးကလေးကိုသာရွေးပါတယ်။ ဒါကိုဘေးက နေပြီး အပေါ်ယံရှုထောင့်၊ ပကာသနအမြင်နဲ့ ရသေ့ကြီးရဲ့ သမီးကလေး ဟာမင်းကတော်ဖြစ်နိုင်တဲ့ အခွင့်အရေးဆုံးရှုံးသွားတယ်၊ ရသေ့ကြီးမှာ လည်း တာဝန်မကင်းဘူး၊ သမီးလုပ်တဲ့သူကလည်း မိုက်လိုက်တာလို့ အရမ်းကာရော အပြစ်မပြောသင့်ပါဘူး။
ဒီပုံပြင်ကလေးဟာ အိမ်ထောင်ဖက် ရှာရာမှာတင်မက အလုပ်ရှာ ရာမှာလည်း အကျုံးဝင်တယ်လို့ ထင်ပါတယ်။ ရည်မှန်းချက်ကြီးကြီးထား တာ ကောင်းပေမယ့် နေလို၊ တိမ်လို၊ တောင်လို ကြီးကျယ်ခမ်းနားပြီး အများနဲ့ ဆက်စပ်နေတဲ့ အလုပ်ကြီးတွေဟာ တကယ်နှစ်သက်မှ လုပ်တာ ကောင်းပါတယ်။ မချစ်သော်လည်းအောင့်ကာနမ်းဆိုသလို မဖြစ်သင့် ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအလုပ်တွေက လုပ်ကိုင်သူတွေကို ပူလောင်စေတဲ့ သဘာဝရှိတယ်၊ လောင်မြှိုက်တတ်တယ်၊ အိုးမကပ် အိမ်မကပ် အလုပ်အတွက်ခရီးတွေထွက်၊ အလုပ်ထဲမှာပဲ အချိန်ကုန်ရတတ် တဲ့အပြင် လုပ်ငန်းပမာဏ ကြီးမားများပြား လေးလံတဲ့အတွက် ဖိစီးမှုတွေ ဖြစ်ပြီး ၀န်ပိတတ်ပါတယ်။ ဒီပေးဆပ်ရမှုတွေကိုမမြင်ဘဲ ကြီးကျယ်ခမ်းနား တာတွေကိုသာ ကွက်ပြီး မြင်နေရင် မျှတမှန်ကန်တဲ့အမြင် မဟုတ်ပါဘူး။ အဲဒီလို မမှန်ကန်မမျှတတဲ့ အမြင်တွေကြောင့် ကိုယ်နဲ့သင့်မသင့် တော် မတော်မစဉ်းစားဘဲ ခေါင်းဆောင်နဲ့ဘော့စ်ချည်းဖြစ်ချင်၊ ရှေ့တန်းကချည်း နေချင်နေကြတယ်၊ ခေါင်းဆောင်ကိုသာအသားပေး၊ ခေါင်းဆောင်မဖြစ် ရရင်ပဲ လူရာမ၀င်၊ လူဖြစ်ကျိုး မနပ်သလိုထင်မြင်ယူဆ၊ ရေးသားပြော ဟောချက်တွေဟာ ရေးသားပြောဟောတဲ့ သူတွေအတွက်တော့ ဆရာ ကြီး ဆရာမကြီးဆိုပြီး နေရာရဖို့ အကြောင်းဖြစ်နိုင်ပေမယ့် နောက်လိုက် ရှားပါးမှု ဖြစ်ပေါ်စေပြီး တကယ်အစစ်အမှန် ခေါင်းဆောင်ကောင်း ပေါ်ထွက်ဖို့မှာလည်း အဟန့်အတား ဖြစ်တာမို့ အားလုံးအတွက် အကျိုး ဆုတ်ယုတ်ပါတယ်။ ကြွက်မအတွက် နေ၊ တိမ်၊ တောင် စတဲ့ အိမ်ထောင် ဖက်တွေဟာ စဉ်းစားကြည့်ရင် တစ်လောကလုံးမှာ ဘာအဖြစ်ဆုံး၊ ညာ အဖြစ်ဆုံးစသည်ဖြင့် ဂုဏ်တက်စရာလို့ထင်ရပေမယ့် တကယ်တမ်းကျ တော့ အသက်ရှည် ကျန်းမာစိတ်ချမ်းသာပြီး အေးအေးချမ်းချမ်း နေရဖို့ မဖြစ်နိုင်ဘူးဆိုတာ နားလည်ထားရမှာ ဖြစ်ပါတယ်။

Comments
Post a Comment