ဥယျာဉ်ထဲကခွေးနဲ့ စားဖိုဆောင်ကဆိတ်

ဆရာသုတ

JOB Seekers Journal vol.2,No.40

ဆိတ်နဲ့ခွေးဆိုတာ သဘောသဘာဝအားဖြင့် မိတ်ဖွဲ့လေ့မရှိကြပေမဲ့ ဆိတ်နဲ့ခွေး မိတ်ဆွေဖွဲ့ပြီး အဆင်ပြေနေကြတဲ့ ပုံပြင်ကလေးကို ကြားဖူးကြ သလားမသိဘူး။ တစ်ခါကစားဖိုဆောင်တစ်ခုအနားမှာနေတဲ့ ဆိတ် တစ်ကောင်နဲ့ဥယျာဉ်ကြီးတစ်ခုထဲမှာနေတဲ့ခွေးတစ်ကောင်ဟာ အငတ်ငတ် အပြတ်ပြတ်နဲ့အစာရေစာဝအောင် မစားရဘဲ ဖြစ်နေကြပါသတဲ့။ တစ်နေ့တော့ သူတို့နှစ်ကောင် လမ်းမှာဆုံမိရင်း ဆိတ်ကလည်း ခွေးနေတဲ့ ဥယျာဉ်ထဲမှာ သူသာနေရလို့ကတော့ စားစရာတွေ ဗိုက်ကားအောင်စား ရမှာ ပဲလို့ပြောတယ်။ ခွေးကလည်း ဆိတ်နေတဲ့ စားဖိုဆောင်မှာ သူသာ နေခွင့်ရ လို့ကတော့သေပျော်ပြီလို့ ပြောတယ်။ ဒါပေမယ့် ဆိတ်ကအသား မစားလို့ သာ စားဖိုမှူးက ဆိတ်ကို စားဖိုဆောင်မှာ နေခွင့်ပေးတာ ဖြစ်ပြီး ခွေးကမြက် မစားလို့သာ ဥယျာဉ်မှူးကဥယျာဉ်ထဲမှာ နေခွင့်ပေးတာ ဖြစ်ပါတယ်။ ဒါကို သဘောပေါက်တဲ့ ဆိတ်နဲ့ ခွေးက အချင်းချင်း မွေးရာပါ ဗီဇစိတ်အရ မချစ် မနှစ်သက်တာကိုအောင့်အည်းသည်းခံပြီး အပြန်အလှန် အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီကြပါသတဲ့။ ဘယ်လို လဲဆိုတော့ ဆိတ်ကစားဖိုဆောင်ထဲကအသားဟင်းတစ်မျိုးမျိုးကို စားဖိုမှူး အလစ်မှာ ပါးစပ်ထဲငုံပြီးယူလာခဲ့ရမယ်။ ခွေးကလည်းဥယျာဉ်ထဲက မျက် နုနုလေးတွေ ကို ဥယျာဉ်မှူးအလစ်မှာ ပါးစပ်ထဲငုံပြီး ယူခဲ့ရမယ်။ ပြီးရင် ဆိတ်ကွယ်ရာ တစ်နေရာမှာဆုံပြီး ပါးစပ်ထဲငုံလာတဲ့ အစားအစာတွေကို လဲစားကြမယ် ဆိုတဲ့သဘောတူညီချက်ပဲဖြစ်ပါတယ်။ အဲဒီအတိုင်း နှစ်ရှည်လများ ဆိတ်နဲ့ခွေးပူးပေါင်းဆောင်ရွက်လိုက်ကြတာ သူတို့စားချင်တဲ့ အစား အစာတွေကို စားရပြီး နှစ်ကောင်စလုံး ၀၀ဖီးဖီး ဖြစ်လာကြပါသတဲ့။

ဒီပုံပြင်ကလေးအတိုင်းလိုက်လုပ်သင့်တယ်လို့ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သဘောသဘာဝအားဖြင့် သင့်မြတ်စရာမရှိတဲ့ လူနှစ်ဦး၊ ဒါမှ မဟုတ်အုပ်စုနှစ်စုဟာနှစ်ရှည်လများသင့်မြတ်ပြီးပူးပေါင်းဆောင်ရွက် နေကြပြီဆိုရင်အခြားသူတစ်စုံတစ်ယောက်ဒါမှမဟုတ်အခြားသူအများ အပြားရဲ့ အကျိုးစီးပွားတွေထိခိုက်နေနိုင်တယ်ဆိုတာသတိပြုဖို့ဖြစ်ပါတယ်။ စည်းမျဉ်း စည်းကမ်းတွေဥပဒေတွေသတ်မှတ်ချက်တွေဆိုတာ ဖောက်ဖျက် လေ့ ရှိသူ ဖောက်ဖျက်နိုင်သူတွေအတွက်သာ ရည်ရွယ်ရေးဆွဲထားတာ ဖြစ်ပါ တယ်။ ဖောက်ဖျက်လေ့မရှိသူမဖောက်ဖျက်နိုင်သူတွေက ဖောက် ဖျက် လာမယ့်ဖြစ်နိုင်ခြေကိုတော့ ထည့်သွင်းစဉ်းစားထားလေ့မရှိပါဘူး။ အဲဒီလောက်ကြီးတင်းကျပ်ထားရင်လည်း လက်တွေ့လိုက်နာ ကျင့်သုံးဖို့ ခက်သွားတတ်ပါတယ်။

နောက်သတိပြုစရာရှိတာက ဆိတ်နဲ့ခွေးဟာအသီးသီး ပါးစပ်ထဲမှာ ငုံပြီး ယူ လာတဲ့ အစားအစာတွေကိုလဲစားကြဖို့ နေရာလိုတဲ့ အချက်ပါ။ လူရှေ့သူရှေ့ မှာလုပ်လို့မရပါဘူး။ ပုံမှန်ဘယ်သူမှမတွေ့မမြင်နိုင်တဲ့ နေရာ တစ်ခုမှာတွေ့ လို့ရမှသူတို့ရဲ့အစီအစဉ်ကအလုပ်ဖြစ်နိုင်မှာပါ။ ဆိတ်ကွယ် ရာမရှိရင်မဟုတ် တာလုပ်ဖို့ခက်တတ်ပါတယ်။ နောက်ပြီး လောဘမကြီး ဖို့လည်းလိုသေး တယ်။ ဆိတ်နဲ့ခွေးဟာတိရစ္ဆာန်မို့ထမင်းချိုင့်တွေ၊ ထမင်းဘူးတွေမရှိဘူး၊ အသားဟင်းပဲဖြစ်ဖြစ်၊ မြက်နုနုလေးပဲဖြစ်ဖြစ် ပါးစပ်နဲ့ တစ်ငုံပဲယူလို့ရတဲ့ အတွက်ကြောင့်သာနှစ်ရှည်လများဆိတ်ကလည်းအသားဟင်းခိုး၊ ခွေးက လည်းမြက်ခိုးနေတာကိုစားဖိုမှူးနဲ့ဥယျာဉ်မှူးကမရိပ်မိတာပါ။ စားလောက်ရုံ ပါးစပ်နဲ့တစ်ငုံလောက်ခိုးနေတာမို့ ဖမ်းမိဖို့ခက်ပါတယ်။ ဆိတ်နဲ့ခွေးလို မဟုတ်ဘဲလူတွေလိုယူလို့ရတိုင်းချိုင့်တွေ၊ အိုးတွေနဲ့ ထည့်သယ်၊ ကားနဲ့ တိုက်ယူလို့ကတော့တစ်ချီတည်းနဲ့ဘူးပေါ်သလို ပေါ်သွားမှာဖြစ်ပါတယ်။

နောက်ပြီးဆိတ်နဲ့ ခွေးရုပ်ဖျက်တတ်လို့နေရာချင်းလဲလို့ ရရင်တောင် ရေရှည် အဆင်မပြေနိုင်တာကို သတိပြုသင့်ပါသေးတယ်။ ခွေးကသာ ဆိတ်နေရာ ကို ရောက်ပြီးအသားဟင်းအိုးနဲ့ မျက်နှာချင်းဆိုင်အခွင့်ကြုံ လာရင်တစ် လုတ်လောက်စားပြီးတင်းတိမ်နိုင်မယ်မထင်ဘူး။ အားပါးတရ စားလိုက်မိ မှာဖြစ်ပါတယ်။ စိတ်မထိန်းနိုင်ဘဲတစ်အိုးလုံးပြောင်သွားနိုင်ပါတယ်။ အလား တူဆိတ်ကလည်းဥယျာဉ်ထဲကိုသာရောက်သွားလို့ကတော့ မြက်နုနု ကလေးတွေ၊ သစ်ရွက်နုနုကလေးတွေကိုအများကြီး စားမိတော့ မှာ သေချာ သလောက်ပါပဲ။ ဥယျာဉ်လည်း တစ်ရက်ထဲနဲ့ ပျက်စီးသွားဖို့ အင်မတန် နီးစပ်ပါတယ်။

သူခိုးအားပေးဘာတွေဆန်းစစ်လေ့လာနေတာလဲလို့အပြစ်တင်မစောပါနဲ့။ ဆိတ်နဲ့ခွေးဟာအငတ်ငတ်အပြတ်ပြတ်ဖြစ်နေလို့သာအချင်းချင်းမိတ်ဖွဲ့ပြီး မရွံမရှာအခြားတိရစ္ဆာန်ပါးစပ်ထဲငုံလာတဲ့အစာကိုစားတာပါ။ ဘယ်မှာ လာ မွှေးမွှေးကြိုင်ကြိုင်လတ်လတ်ဆတ်ဆတ် စားချင်စဖွယ်ရှိပါ့မလဲ။ အခြားတိရစ္ဆာန်ရဲ့သွားပုတ်ရည်တွေနဲ့ရောပြီးပုံပျက်နေတဲ့အပြင်နံစော်နေ မှာပေါ့။လောကမှာခိုးစားတဲ့အစာဆိုတာဘယ်တော့မှချစ်သူခင်သူဆွေမျိုး မိတ်ဆွေသူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲ့ပြီးမွှေးမွှေးကြိုင်ကြိုင် လတ်လတ်ဆတ် ဆတ်စားချင်စဖွယ်အနေအထားနဲ့အများရှေ့မှာတင့်တင့်တယ်တယ် စားလို့ မရဘူးဆိုတာကို သတိပြုရမှာ ဖြစ်ပါတယ်။ ခိုးစားတဲ့သူကဘယ်လို ပဲ ကောင်းပါတယ် ပြောပေမယ့် အခြားတိရစ္ဆာန်ရဲ့ သွားပုတ်ရည်တွေ နဲ့ ရောပြီး နံစော် ပုံပျက်နေမှာ ကြိမ်းသေပါတယ်။ သူ့ဖာသာ ငတ်နေလို့သာ နံလို့ နံမှန်းမသိ အငမ်းမရ ဖြစ်နေတာနေမှာပါ။

Comments

Popular posts from this blog