ကံကောင်းမှုရဲ့ နောက်ဝယ်

ကံကောင်းမှုရဲ့ နောက်ဝယ် (ဆရာသုတ) vol.2,No.30


အချို့စာရေးဆရာတွေရဲ့ စာကို ဖတ်ရတာ အင်မတန်မွှေးတဲ့ စံပယ်ပန်းကုံး ကလေးတွေ တစ်ပုံ တစ်ပင်ကြီး ချိတ်ထားတာနဲ့ တူပါတယ်။ ကြောင်းကျိုး ဆက်စပ် တွေးခေါ်ပြထားတာ  အသိဥာဏ်ထဲမှာ ရှင်းကနဲဖြစ်သွားပြီး အရေးအသားက လွယ်ကူရိုးရှင်းလှပနေတယ်။ စံပယ်ပန်းကလေးတွေ
 ဖြူဆွတ်နေသလို ဘယ်သူ့ကိုမှမကျေမနပ်ဖြစ်ခြင်း၊ ထိခိုက်နစ်နာစေခြင်း မရှိဘူး။ ဖတ်လို့မ၀နိုင်အောင် သိပ်ကောင်းတာပဲ။ အချို့ စာရေးဆရာတွေ ကျပြန်တော့စိတ်ခံစားမှုကိုအဓိကထား ပြီးရေးထားတာကိုတွေ့ရတယ်။ သူ တို့အထင်ကြီးလေးစားတဲ့သူတွေကို ဘာဖြစ်လို့အထင်ကြီးလေးစား ထိုက်ကြောင်း၊ သူတို့ဘ၀င်မကျ မကျေနပ်သူတွေကိုလည်းဘာဖြစ်လို့ ဘ၀င်မကျထိုက်၊ မကျေနပ်ထိုက်ကြောင်း ပီပြင်အောင်ရေးနိုင်ကြတယ်။ သူတို့နဲ့သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေစိတ်ခံစားမှုနဲ့ ခံယူချက် သဘောထားတွေကို အင်မတန်ပေါ်လွင်အောင် ဖွဲ့ဆိုနိုင်ပြီး စာအရေး အသား ထိရောက်တာကို တော့ဝန်ခံရမှာပဲ။ ဆူးရှိတဲ့နှင်းဆီ ပန်းနီနီလိုစာ မျိုးပါ။ အချို့စာရေး ဆရာတွေကျပြန်တော့စာကို တစ်ပင်လုံးပွင့်နေတဲ့ ပိတောက်ပန်း ကလေးတွေလိုရေးထားတယ်။ တစ်ခုချင်းကြည့်ရင် သေးသေးလေးလို့ ထင်ရတဲ့ကိုယ်တွေ့အကြောင်းအရာ လေးတွေကို  ချိတ်ဆက်သီကုံး ပြီး ရေးထားလိုက်တာ ဖတ်မငြီးစရာပါပဲ။ ကိုယ်တွေ့ကို ကိုယ်ပိုင်ဟန် အပြည့်နဲ့ မခြွင်းမချန်ရေးတဲ့ စာမျိုးမို့ ဖတ်ပြီးရင်  ဘာကြောင့်ရယ်လို့ ရေရေ ရာရာ မပြောနိုင်ပေမယ့် မမေ့နိုင်အောင် ဖြစ်တတ်ပါတယ်။   

    အဲဒီလို တစ်မျိုးစီကောင်းတဲ့ စာတွေကို ဖတ်ရင်း ဒီစာရေးဆရာ တွေ ဟာ သာမန်လူတွေထက် ထူးခြားတဲ့ အတွေးအခေါ်၊ ခံစားချက်နဲ့ သဘောထားခံယူချက်၊ အတွေ့အကြုံတွေကို ရေးတာလည်းရှိတယ်၊ အများ သူငါ ကြုံတွေ့နေကြတာကို ပဲရေးတာလည်း ရှိတယ်ဆိုတာ သတိထားမိ ပါတယ်။ စကားအသုံး အနှုန်းအားဖြင့်လည်း ထူးခြားတဲ့ အသုံးအနှုန်းတွေကို သုံးတာလည်း ရှိတယ်၊ သာမန်အသုံးအနှုန်းတွေကို သုံးတာလည်းရှိတယ်။ ဒါပေမဲ့ အဲဒီစာရေးဆရာတွေ လက်ထဲကို ရောက်သွားတဲ့ အတွေးအခေါ်၊ ခံ စားချက်နဲ့ သဘောထားခံယူချက်၊ အတွေ့အကြုံတွေ၊ စကားအသုံး အနှုန်း
 တွေဟာ  ပုံမှန်ထက် ပိုပြီး ပြင်းထန်တဲ့  သက်ရောက်မှုကို ပေးနိုင်လာပါ တယ်။ စာဖတ်သူအပေါ် ထူးခြားတဲ့ ထိခတ်မှု ဖြစ်အောင် ရေးနိုင်ကြတယ်။

    ဒီနေရာမှာ ဟိုးနှစ်ပေါင်းများစွာက ဂစ်တာငှားပြီး စမ်းတီးကြည့်တုန်း က အတွေ့အကြုံကို သတိရမိပါတယ်။ ဂစ်တာကို မတီးတတ်ဘဲနဲ့ တီးတော့ ထွက်လာတဲ့ အသံက အ-ထစ်ထစ် ထုံတုံတုံ ဖြစ်နေပြီး နားထောင်မကောင်း ပါဘူး။ ဂစ်တာ အတီးကောင်းတဲ့ လူတစ်ယောက် ကအဲဒီဂစ်တာကိုပဲယူပြီး တီးလိုက်တာ ဂစ်တာတစ်လက်ထဲမှ ဟုတ်ရဲ့ လားလို့  ထင်ရလောက်အောင် အသံကပိုဟိန်းပြီးပိုလည်းကျယ်တယ်၊ ညက်လည်း ညက်ညောတယ်၊ တီး လုံးကလေးတွေ ပီပြင်ပြီး  နားထောင်လို့သိပ်ကောင်းတာပဲ။ ဘာတွေကွာနေ တာလဲဆိုတော့ ကော့ဒ်ကိုင်တာ ထိမိသေသပ်မှု ကွာပါတယ်။ ကြိုးတွေကို တီးတဲ့အခါ ထိခတ်ပုံကွာပါတယ်။ လက်ဆကွာပါတယ်။ စည်းချက်တိကျ မှန်ကန်မှု ကွာပါတယ်။ ဒီဂစ်တာကို ဒီပုံစံပဲ ကိုင်ပြီး တီးတာပေမယ့် အစစ
အရာရာကွာပါတယ်။ ဒါကြောင့်ထွက်လာတဲ့အသံမှာလည်း ဆီနဲ့ရေ ဘယ်တော့ မှ မတူနိုင်သလို အင်မတန်ကွာပါတယ်။

    အလုပ်ထဲမှာ ထိပ်တန်းရောက်နေတဲ့  လူတွေက ကံကောင်းတဲ့ လူတွေ၊ အမြဲတမ်း သူတစ်ပါး နောက်မှာ နေရတဲ့သူတွေကတော့ ကံမကောင်းတဲ့လူတွေလို့အများကရော ကိုယ်တိုင်ရော ထင်တတ်ကြတယ်။ ဒါပေမဲ့ နေ့စဉ် သူတို့တွေလုပ်နေကြတဲ့ အလုပ်တွေကို အသေးစိတ် စိစစ် ကြည့်လိုက်ရင် လုပ်ပုံကိုင်ပုံ သေသပ်မှုနဲ့ တိကျမှန်ကန်မှု၊ စေတနာနဲ့ ခံယူချက်၊ အနှေးအမြန် ချိန်ဆဆောင်ရွက်တတ်မှု၊ ဆက်စပ်နေသူ တွေကို ဆက်ဆံပုံ၊ ချိတ်ဆက်ပေါင်းစပ်လုပ်ဆောင်တတ်မှုနဲ့ သက်ဆိုင် သူတွေ အပေါ်အကျိုးသက်ရောက်မှုစသည်ဖြင့် အမျိုးမျိုးသောအပိုင်း ကဏ္ဍတွေ မှာအင်မတန်ကွာတာကို တွေ့ရတတ်ပါတယ်။ ဒီအလုပ်ကိုပဲ ဒီပုံစံပဲလုပ် တာလို့ အပေါ်ယံ ထင်ရပေမယ့် သာမန်လုပ်နေကျ နေ့စဉ် အလုပ်တွေဟာ ထက်မြက်သူ၊ စွမ်းဆောင်နိုင်သူ၊ ထိပ်တန်းက လူတွေ လက်ထဲကို ရောက်သွားရင် စာရေး ဆရာကောင်းတစ်ယောက်ရဲ့ လက် ထဲကိုရောက်သွားတဲ့အတွေးအခေါ်၊ ခံစားချက်နဲ့သဘောထား ခံယူချက်၊ အတွေ့အကြုံတွေ၊  စကားအသုံး အနှုန်းတွေလို၊ ဂစ်တာအတီးကောင်း သူလက်ထဲကိုရောက်သွားတဲ့ဂစ်တာတစ်လက်လိုအောင်မြင်မှုဆီကိုလှမ်း တက်တဲ့လှေကားထစ်တွေဖြစ်သွားတယ်။ အဲဒီအလုပ်တွေကိုပဲ အခြား သူတွေလုပ်တဲ့အခါကျတော့ ဘာမှ ထူးထူးခြားခြား ဖြစ်မလာဘူး။

    ကံ၊ ဥာဏ်၊ ၀ီရိယ သုံးခုပေါင်း မှ အောင်မြင်တယ်လို့ အဆိုရှိတာ မှန်ပါတယ်။ ဒါပေမဲ့နေ့စဉ်အလုပ် တွေကို ပြောင်မြောက်အောင် လုပ် ပြီး ထိပ်တန်းရောက်သွားကြသူတွေ ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ဥာဏ် နဲ့ ၀ီရိယစိုက်ထုတ်ပြီး မလေ့လာဘူး၊ ကိုယ်ပိုင်ဖြစ်အောင် မလေ့ကျင့်ဘူး ဆိုရင်တော့ ကိုယ်ကံကောင်းဖို့ အလှည့်တော်တော်နဲ့ မရောက်နိုင်ဘဲ ကြာတတ်ပါတယ်။

Comments

Popular posts from this blog